ဌာနဆိုင်ရာပိုင်မြေနေရာများမှ ဆိုင်ခန်းများဖယ်ရှားခံထားရမှု ပြည်နယ်အစိုးရတာဝန်မယူ

“သက်ဆိုင်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်သူအနေနဲ့ နစ်နာခဲ့ရသူ ဆိုင်ခန်းပိုင်ရှင်တွေအပေါ် တာဝန်ယူဖြေရှင်း ပေးဖို့ လိုအပ်ပါတယ်။ နစ်နာခဲ့ရသူပိုင်ရှင်တွေကို ဆိုင်ခန်းနေရာရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်မှ ပြည်နယ် အစိုးရအပေါ်မှာ ပြည်သူတွေ အားကိုးယုံကြည်လာမှာ ဖြစ်ပါတယ်”

20 Sep 2019

ပြီးခဲ့သည့် ဇွန်အတွင်းက စစ်တွေမြို့မရဲစခန်းပတ်လည်ရှိ ဆိုင်ခန်းများကို ဖယ်ရှားပေးခဲ့ရစဉ်။

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ဌာနဆိုင်ရာများမှ ပိုင်ဆိုင်သည့်မြေများအား ငှားရမ်းတည်ဆောက် ထားသည့်ဆိုင်ခန်းများကို ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတို့တွင် သက်ဆိုင်ရာဌာနများမှ ဖယ်ရှားခိုင်းခဲ့သည်။

စစ်တွေမြို့တွင် အမှတ် (၁) ရဲစခန်းဘေးပတ်လည်ရှိ ဆိုင်ခန်း ၇၀ ကျော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးရှေ့ရှိ ဆိုင်ခန်း ၆ ခန်းတို့ ဖယ်ရှားခံခဲ့ရသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ရဲစခန်းဟောင်းမြေနေရာမှ ဆိုင်ခန်း ၅၀ ကျော်တို့ ဖယ်ရှားခံခဲ့ရသည်။

၎င်းဆိုင်ခန်းများကို ဆိုင်ပိုင်ရှင်များမှ မိမိတို့စရိတ်နှင့် အကုန်ကျခံပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆိုင်ခန်းများ ဖယ်ရှားခံရချိန်တွင် အစားထိုး ဆိုင်ခန်းမြေနေရာ မရှိသဖြင့် ဆိုင်ပိုင်ရှင်များ နစ်နာမှုရှိနေသည်။

ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ဆိုသည်။

“သက်ဆိုင်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်သူအနေနဲ့ နစ်နာခဲ့ရသူ ဆိုင်ခန်းပိုင်ရှင်တွေအပေါ် တာဝန်ယူဖြေရှင်း ပေးဖို့ လိုအပ်ပါတယ်။ နစ်နာခဲ့ရသူပိုင်ရှင်တွေကို ဆိုင်ခန်းနေရာရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်မှ ပြည်နယ် အစိုးရအပေါ်မှာ ပြည်သူတွေ အားကိုးယုံကြည်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဆိုင်ခန်းများကို သက်ဆိုင်ရာက လိုအပ်ချက်အရ ဆက်လက်ငှားရမ်းခြင်းမပြုတော့ဘဲ ဖယ်ရှားပေးဖို့ အတွက် ၃ ကြိမ်တိုင်အကြောင်းကြားခဲ့ပြီး ဥပဒေနှင့်အညီ ဖယ်ရှားပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

“ဝန်ထမ်းသက်သာ ဆိုင်ခန်းတွေကို ဥပဒေနဲ့အညီ ဖယ်ရှားဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် အစားထိုး ဆိုင်ခန်းတွေ ပြန်လည်နေရာချထားပေးဖို့ အစီအစဉ်မရှိ” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

စစ်တွေမြို့ အမှတ်(၁)ရဲစခန်း ဘေးပတ်လည်မှ ဆိုင်ခန်း ၇၀ ကျော်အား ဖယ်ရှားစဉ်က ဆိုင်ခန်းပိုင်ရှင်များနှင့် အစိုးရအဖွဲ့တို့တွေ့ဆုံခဲ့ပြီး အစိုးရပိုင်မြေများထဲမှ အရောင်းအဝယ် အဆင်ပြေမည့်နေရာတွင် ဆိုင်ခန်းများ ပြန်လည်ချထားပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ဆိုကြသည်။

“ကျနော်တို့အခုမှ အခွင့်အရေးကို ပိုလို့ထူးပြီး တောင်းတာမဟုတ်ပါဘူး။ ကျနော်တို့ဆိုင်ခန်းတွေ မဖျက်ခင်က အစိုးရကပေးခဲ့တဲ့ ကတိအတိုင်းပဲ ဆောင်ရွက်ပေးပါလို့ တောင်းဆိုကြတာပါ။

အဲဒီကတိအတိုင်းပဲ အစိုးရတစ်ရပ်အနေနဲ့ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးပါလို့ပဲ တောင်းဆိုချင်တယ်” ဟု ဖယ်ရှားခံရသည့် ဆိုင်ခန်းပိုင်ရှင် ဦးစိုးနိုင်က ပြောသည်။

လက်ရှိမှာ ဆိုင်ခန်းဖယ်ရှားခံခဲ့ရသည့် ပိုင်ရှင်များမှာ ဆိုင်ခန်းများကို ဈေးကြီးပေးငှားရမ်းကာ လုပ်ကိုင်နေကြရပြီး တချို့မှာ ဆိုင်ခန်းနေရာအခက်အခဲများကြောင့် လုပ်ငန်းထိခိုက်မှုများ ရှိနေကြသည်။

ဗီဒီယိုများ