စစ်ကောင်စီကခန့်အပ်သည့် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဦးတင်လှအနေဖြင့်လက်မခံသင့်ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများကဆို

စစ်ကောင်စီကခန့်အပ်သည့် ရခိုင်ပြည်နယ်တိုင်းသားရေးရာဝန်ကြီးနေရာအား ဦးတင်လှနေဖြင့် လက်မခံသင့်ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်း(၆)ဖွဲ့က သြဂုတ်လ ၈ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

09 Aug 2021

DMG ၊ သြဂုတ် ၉

စစ်ကောင်စီကခန့်အပ်သည့် ရခိုင်ပြည်နယ်တိုင်းသားရေးရာဝန်ကြီးနေရာအား ဦးတင်လှနေဖြင့် လက်မခံသင့်ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်း(၆)ဖွဲ့က သြဂုတ်လ ၈ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံမှ စစ်အာဏာရှင်စနစ်ပျက်သုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေးအတွက် အသက်ကိုစတေးပြီးနည်းမျိုးစုံဖြင့်တော်လှန်နေချိန်မှာ စစ်အာဏာရှင်သက်ဆိုးရှည်စေမည့် ယန္တရားအောက်တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရာထူးအား လက်ခံခြင်းသည်မသင့်လျော်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း မတည်မငြိမ်ဖြစ်နေချိန်တွင် ဦးတင်လှအနေဖြင့် ရာထူးအာဏာမက်ပြီးနေရာယူခြင်းမှာ ကောင်းသည့်အချက်မဟုတ်ကြောင်းကို ထောက်ပြခြင်းဖြစ်သည်ဟု ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းထွန်းလှကျော်က ပြောသည်။

“စစ်ကောင်စီကနေပြီး တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူငယ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကိုသတ်ဖြတ်နေတယ်။ ရာဇဝတ်မှုကျူးလွန်နေချိန်မှာ အခုလိုရာထူးအာဏာမက်ပြီး နေရာယူတာဟာမကောင်းဘူးဆိုတာကို ကျွန်တော်တို့အဓိက ထောက်ပြချင်တာဖြစ်တယ်” ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။

ဦးတင်လှသည် ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားများမှ ရွေးချယ်တင်မြှောက်သည့် တရားဝင်ကိုယ်စားလှယ် မဟုတ်သည့်အပြင် ချင်းလူထုကိုလည်းကိုယ်စားမပြုကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

စစ်ကောင်စီ၏လုပ်ဆောင်ချက်များသည် လူမျိုးစုများလိုလားသော ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်နှင့် သွယ်ဖယ်နေသည့်အတွက် ဦးတင်လှအနေဖြင့် စစ်ကောင်စီအုပ်ချုပ်ရေးအောက်တွင် တာဝန်ခြင်းမှနှုတ်ထွက်ရန် ချင်းအရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဦးတင်လှအနေဖြင့် ရာထူးမှနှုတ်ထွက်ခြင်းမရှိပါက စစ်ကောင်စီ၏တရားမဲ့ပြုကျင့်ခြင်းအတွက် တာဝန်ခံရမည်ဖြစ်ပြီး လူမှုပြစ်ဒဏ်ပေးခြင်း ၊ ဖယ်ကျဉ်ထားခြင်းကိုပြုလုပ်သွားမည်ဟု ချင်းလူငယ်များကဆိုသည်။

“သူနဲ့ဆက်နွယ်ပတ်သက်တဲ့ သူတွေကိုဖယ်ကျဉ်မယ်။ သူကချင်းလူမျိုး၊ ချင်းအသိုင်းအဝိုင်းလည်းဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ ချင်းလူမျိုးတွေလုပ်တဲ့ ဘယ်ကဏ္ဍမဆိုမခေါ်မပြောဘူး။ လူမှုရေးအရကိုဖယ်သွားမယ်။ အသိအ မှတ်မပြုဘူး။ ချင်းနဲ့ပတ်သက်တဲ့ ဓလေ့ထုံးတမ်းစတဲ့ကိစ္စရပ်တွေလုပ်ဆောင်မယ်ဆိုရင်လည်း သူနဲ့မတိုင်ပင် မဆွေးနွေးတောဘူး။ ပြောရမယ်ဆိုရင် လုံးဝအသိအမှတ်မပြုပုံစံမျိုးလုပ်သွားမယ်”ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ ချင်းအရပ်ဖက်အဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်များအနေဖြင့်လည်း စစ်ကောင်စီ၏အုပ်ချုပ် မှုယန္တရားအောက်တွင် မည်သည့်နည်းနှင့်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် Arakan Chin Together၊ Chin University Students in Rakhine State၊ Chin Humanitarian Assistance Team တို့အပါအဝင် အရပ်ဖက်အဖွဲ့အစည်း (၆)ဖွဲ့ မှ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်ရှိ ရခိုင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီးခန့်အပ်ခံထားရသည့် ဦးတင်လှ၏သဘောထားကိုသိရှိနိုင်ရန် DMG မှ ကြိုးစားနေဆဲဖြစ်ပြီး သဘောထားနှင့် ပြန်လည်ဖြေကြားချက်ကိုရရှိပါက ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သြဂုတ်လ (၁)နေ့တွင် အိမ်စောင့်အစိုးရအဖြစ်ပြန်လည်ဖွဲ့စည်းပြီးနောက် စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် ချင်းလူမျိုး ဦးတင်လှသည် ရခိုင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ