ဖမ်းဆီးထိန်းသိမ်းခံရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများပြန်လည်လွတ်မြောက်လာ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ လွတ်မြောက်လာခြင်းမရှိသေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ လွတ်မြောက်လာပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှာ ယနေ့ညနေ ၆ နာရီအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

02 Feb 2021

DMG | ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ လွတ်မြောက်လာပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှာ ယနေ့ညနေ ၆ နာရီအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများမှာ ယနေ့ညနေ ၅ နာရီကျော်ခန့်တွင် ပြန်လည်လွတ်မြောက် လာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်ကပြောသည်။

“ဝန်ကြီးချုပ်အိမ်ပြန်ရောက်နေပါပြီ၊ ၅ နာရီ ၁၅ လောက်ကရောက်ပါတယ်။ အဲဒါက ဂွမှာပါ၊ ဝန်ကြီးတွေရဲ့ ဖုန်းတွေပိတ်ထားတယ်ဆိုတော့ ဖုန်းကတ်တွေကိုသိမ်းထားလိုက်တယ်ထင်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်သားများမှ ခေါ်ဆောင်သွားခဲ့ပြီး ဂွမြို့အခြေစိုက်၊ အမှတ်(၅၆၂)တပ်ရင်းတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှာ ယနေ့ည ၆ နာရီအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကပြောသည်။

“လွှတ်တော်ဥက္ကဋ္ဌကိုတော့ လွတ်တယ်လို့မပြောသေးဘူး။ အဆက်အသွယ်လည်း မရသေးဘူး” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ စစ်တွေမြို့၊ အမှတ်(၂၀)တပ်ရင်းသို့ ခေါ်ဆောင် သွားကြောင်းသိရပြီး ဒေါ်ခင်စောဝေကို ယင်းနေ့တွင်ပင် ပြန်လည်လွှတ်ပေးခဲ့သည်။

ဗီဒီယိုများ