အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းအပါအဝင် ဝန်ကြီးဟောင်း(၅)ဦးအမှုကို စတင်ကြားနာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း(၅)ဦးကို စက်တင်ဘာလ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်၌ Video Conferencing ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသူထံမှ သိရသည်။

09 Sep 2021

DMG ၊ စက်တင်ဘာ ၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း(၅)ဦးကို စက်တင်ဘာလ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်၌ Video Conferencing ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသူထံမှ သိရသည်။

ယင်းသို့ရုံးထုတ်ရာ၌ ဝန်ကြီးဟောင်း ၅ ဦး၏အမှုများအား ကြားနာစစ်ဆေးပြီး ရှေ့နေကိုယ်စားလှယ်လွှဲစာတင်သွင်းခဲ့ကြောင်း ဦးကျော်အေးသိန်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

“ဝန်ကြီးတွေအမှုသုံးမှုနဲ့ စွဲဆိုထားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဦးကျော်အေးသိန်းကိုစွဲဆိုထားတဲ့ အမှုသုံးမှုအတွက် ကိုယ်စားလှယ်လွှဲစာတင်သွင်းခဲ့တာဖြစ်တယ်”ဟု ဦးအောင်စစ်မင်းက ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့်ဝန်ကြီး(၅)ဦးမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင် သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်ကြသည်။

အဆိုပါဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးကောင်းဇော်သန့်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးမှာ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြား သောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ညွှန်ကြားချက်ပါ တင်ဒါစည်းမျဉ်းစည်ကမ်းနှင့်မညီဘဲ ဆက်စပ်ကုမ္ပဏီတခုကို စာချုပ်ချုပ်ကာလုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကို ငွေကြေးများပေးဆောင်ခြင်း စသည့်အချက်များဖြင့် စွပ်စွဲ အမှုဖွင့်ထားခြင်းဖြစ်သည်။

ယင်းစွပ်စွဲချက်များနှင့်ပတ်သက်၍ ဝန်ကြီးဟောင်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုအရေးယူနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာစစ်တပ်ပိုင် မြဝတီရုပ်သံလိုင်းက သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တရားစွဲဆိုခံထားရသည့် ဝန်ကြီး(၅)ဦးအနက် ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ လကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် တရားရင်ဆိုင်နေရသလို ဦးမင်းအောင်မှာလည်း ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားရင်ဆိုင်နေရသည်။

အဂတိမှုဖြင့်တရားစွဲခံထားရသည့် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်လွင်တို့ကို စစ်တွေအကျဉ်းထောင်တွင်ထိန်းသိမ်းထားပြီး ဦးမင်းအောင်မှာ တောင်ကုတ်မြို့ ခမရ ၅၄၄ တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း ရှေ့နေထံမှသိရသည်။

ဦးမင်းအောင်မှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က “အမှုကိစ္စကို ဆောင်ရွက်ဖို့အတွက် သူ့ကိုထိန်းသိမ်းထားတဲ့ ၅၄၄ တပ်ရင်းကနေ တောင်ကုတ်မြို့နယ်တရားရုံးကို ရုံးထုတ်တာကိုတွေ့တယ်။ သူ့ကို တောင်ကုတ်မြို့နယ်တရားရုံးမှာစွဲထားတဲ့ အမှုနှစ်မှုအတွက်တော့ တရားခံစစ်မယ့်အဆင့်ကိုတော့ရောက်နေပြီ”ဟု ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ဝန်ကြီးဟောင်း ၅ ဦးအမှုနှင့်ပတ်သက်၍ ဆက်လက်ကြားနာစစ်ဆေးရန်အတွက် စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်နေ့ကို ထပ်မံချိန်းဆိုထားကြောင်းသိရသည်။

ဝန်ကြီးများကိုစွဲဆိုထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ သည် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

ဗီဒီယိုများ