ရခိုင်တွင် ဟိုတည်နှင့် ဧည့်ရိပ်သာ ၅၅ လုံးကို ကိုဗစ်စည်းမျည်း/စည်းကမ်းနှင့်အညီ ဖွင့်ခွင့်ပြုထား

ရခိုင်ပြည်နယ်တွင် ဟိုတည်နှင့် ဧည့်ရိပ်သာ ၉၈ လုံးရှိသည့်အနက် လက်ရှိတွင် ကိုဗစ်စည်းမျဉ်း/စည်းကမ်းနှင့် အညီဖွင့်လှစ်ထားသည့် ဟိုတည်နှင့် ဧည့်ရိပ်သာ ၅၅ လုံးရှိကြောင်း ပြည်နယ်ဟိုတည်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

13 Jul 2021

DMG ၊ ဇူလိုင် ၁၃

ရခိုင်ပြည်နယ်တွင် ဟိုတည်နှင့် ဧည့်ရိပ်သာ ၉၈ လုံးရှိသည့်အနက် လက်ရှိတွင် ကိုဗစ်စည်းမျဉ်း/စည်းကမ်းနှင့် အညီဖွင့်လှစ်ထားသည့် ဟိုတည်နှင့် ဧည့်ရိပ်သာ ၅၅ လုံးရှိကြောင်း ပြည်နယ်ဟိုတည်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါဟိုတယ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ညီ၊မညီစီစစ်ကာ ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်ပြီး စစ်တွေတွင် ၁၅ ခု၊ သံတွဲ ၃၀၊ ကျောက်ဖြူ ၈ ခု၊ ဂွ ၁ ခု၊ မြောက်ဦးတွင် ၁ ခုတို့ကို အသီးသီးဖွင့်ထားခြင်းဖြစ်သည်။

ပိတ်ထားသည့် ဟိုတည်နှင့် ဧည်ရိပ်သာ ၄၃ ခုမှာလည်း မိုးရာသီကာလအတွင်း ခရီးသွားလာရောက်မှု မရှိခြင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေခြင်းတို့ကြောင့် ပိတ်ထားကြခြင်းဖြစ်သည်ဟု ပြည်နယ် ဟိုတည်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မိုးရွာသီမှာ ခါတိုင်းလိုလို ခရီးသွားဧည့်သည်တွေမရှိလို့ ပိတ်ထားတာဖြစ်တယ်။ နောက်ကိုဗစ်ကြောင့်လည်း ပါတာပေါ့” ဟု ၎င်းကဆိုသည်။

ငပလီမြို့ရှိ Royal လင်းသာ ဟိုတည်ပိုင်ရှင် ဦးခင်မောင်ထွန်းက “ကျနော်တို့ဟိုတယ်တွေ ကိုဗစ်စည်းကမ်းနဲ့ညီလို့ ဖွင့်ခွင့်ပြုထားတာဖြစ်တယ်။ ဖွင့်တော့ ဖွင့်ထားတယ်။ ဧည်သည့်မရှိဘူး။ မရှိတော့ ဟိုတယ်ကရပ်တန့်နေသလိုဖြစ်တယ်။ ကျနော်တို့မှာ ရေခွန်၊ မီးခွန်တွေက ပုံမှန်ပေးနေရတယ်။ ဒါပေမယ့် ဝင်ငွေကမရှိတော့ အခက်အခဲဖြစ်တာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုလည်း ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတည်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ၏ အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ခရီးသွားဝင်ရောက်မှု ကျဆင်းလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေကြသည့် ဒေသခံများမှာလည်း အလုပ်အကိုင် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ