မောင်တောဒေသမှာ လျှပ်စစ်မီးပြတ်တောက်မှု တစ်လခန့်ကြာမြင့်လာ

ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သောကြောင့် ဒေသခံများ၏ နေ့စဉ်ဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

By ကျော်မျိုးအောင် 16 Nov 2020

ကျော်မျိုးအောင် | DMG
နိုဝင်ဘာ ၁၆ ၊ မောင်တော

ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သောကြောင့် ဒေသခံများ၏ နေ့စဉ်ဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာနှင့် သောင်းဒရားကျေးရွာအကြားရှိ လျှပ်စစ်မီးကြိုးမှာ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြတ်တောက်သွားခဲ့ကြောင်း မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူက ပြောဆိုထားသည်။

ယင်းသို့ ပြတ်တောက်နေသည့် လျှပ်စစ်မီးကြိုးအား ယနေ့(နိုဝင်ဘာ ၁၇ ရက်)အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသဖြင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် လျှပ်စစ်မီးများ ပြတ်တောက်နေခြင်း ဖြစ်သည်။

လျှပ်စစ်မီးမရရှိဘဲ တာရှည်လာသည်နှင့်အမျှ မီးသွေးများဈေးတက်ကာ ချက်ပြုတ်စားသောက်ရာ၌ အခက်အခဲ ဖြစ်လာနေသည်ဟု မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက်မှ ဒေါ်ပန်ရှော်ရီက ပြောသည်။

“လျှပ်စစ်မီးမရတာ တစ်လလောက်ရှိသွားပြီ၊ အခက်အခဲတွေဖြစ်နေပြီ။ အရင်က မီးသွေးတစ်အိတ်ကို ငွေကျပ် ၄၀၀၀ ကနေ အခု ၁ သောင်းဖြစ်သွားပြီ။ ဘယ်လို ထမင်းချက်ရမလဲ မသိတော့ဘူး” ဟု ၎င်းကဆိုသည်။

မောင်တောဒေသခံများမှာ လျှပ်စစ်မီးအသုံးပြုနိုင်ရန်အတွက် မီးစက်၊ ဘတ္တရီအိုးနှင့် ဆိုလာပြားများ ဝယ်ယူ သုံးစွဲမှု မြင့်တက်လာနေကာ အဆိုပါပစ္စည်းများလည်း ဈေးမြင့်တက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့ခံတစ်ဦးဖြစ်သည့် ကိုမောင်မောင်သိန်းက လျှပ်စစ်မီးကို အမြန်ဆုံးရရှိအောင် လုပ်ဆောင်ပေးရန် တောင်းဆိုသည်။

“အခက်အခဲကတော့ လျှပ်စစ်မီးမရတာနဲ့ မီးစက်တွေဈေးတက်လာတယ်။ နောက်ပြီး ဖုန်းအားသွင်းတာတွေ၊ ထမင်းချက်ရတာတွေ အဆင်မပြေဘူး။ မနေ့ကလည်း မီးစက်တစ်လုံးဝယ်လာတယ်။ မီးစက်ကအဆင်ပြေဘူး။ ပြန်ပြီးလဲလှယ်ယူရတာပေါ့။ အခက်အခဲက အလွန်များတယ်။ မီးသွေးတွေကလည်း တစ်နေ့ထက်တစ်နေ့ ဈေးမြင့်တက်လာနေတယ်။ ဒါကြောင့် ကျွန်တော်တို့က လျှပ်စစ်မီးရအောင် အမြန်ဆုံးလုပ်ပေးဖို့ တောင်းဆိုချင် ပါတယ်” ဟု ၎င်းကဆိုသည်။

မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က ယခုပြတ်တောက်နေသည့် လျှပ်စစ်မီးကြိုးကို ပြုပြင်ရန် နယ်မြေအခြေအနေအရ မသွားရောက်နိုင်သေးခြင်းဖြစ်သည်ဟု ဆိုသည်။

“လောလောဆယ် အခြေအနေအရ ကျွန်တော်တို့သိရသလောက်တော့ လိုင်းထိန်းသိမ်းရေးအဖွဲ့က ဟိုဖက်ကို သွားပြင်ဖို့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအထိ တင်ပြထားပါတယ်။ အမြန်ဆုံးသွားပြင်လို့ရအောင် ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ မပြင်နိုင်သေးတာကတော့ နယ်မြေဒေသ အခြေအနေအရ မသွားရောက် နိုင်တာလို့တော့ သိထားပါတယ်” ဟု ဆိုသည်။

လက်နက်ကြီးထိမှန်မှုများကြောင့် လျှပ်စစ်မီးကြိုးများပြတ်တောက်ကာ မောင်တောဒေသအတွင်း၌ ယခုနှစ် ဧပြီလအတွင်းက တစ်ကြိမ်၊ သြဂုတ်လအတွင်းက တစ်ကြိမ် လျှပ်စစ်မီး ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။

ဗီဒီယိုများ