ရခိုင်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၀၀ ရှိသည့်အနက် ၅၇ လုံးကို ဖွင့်ခွင့်ပြုထား

ရခိုင်ပြည်နယ်တွင်ရှိသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၀၀ ကို ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရပြီး လက်ရှိတွင် ၅၇ လုံးကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

29 Sep 2021

Photo - ဦးနိုင်ကြွေအေး

DMG ၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်တွင်ရှိသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၀၀ ကို ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရပြီး လက်ရှိတွင် ၅၇ လုံးကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါဟိုတယ်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ညီ၊မညီစီစစ်ကာ ဖွင့်လှစ်ခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က DMG သို့ပြောသည်။

“ဟိုတယ်တွေအားလုံး ဖွင့်ချင်ရင်ဖွင့်လို့ရတယ်။ ဒါပေမယ့် စည်းမဲ့ကမ်းမဲ့ဖွင့်လို့တော့မရဘူး။ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေရှိတဲ့အတွက် အဲဒီစည်းကမ်းတွေနဲ့အညီဖွင့်မယ်ဆိုပြီး တင်ပြလာရင်သွားစစ်ပေးတယ်။ စည်းကမ်းနဲ့ညီရင် ဖွင့်ခွင့်ပေးပြီးသားပါ”ဟု ဦးတင်ထွန်းအောင်က ဆိုသည်။

လက်ရှိဖွင့်လှစ်ထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှာ စစ်တွေတွင် ၁၆ လုံး၊ သံတွဲတွင် ၃၁ လုံး၊ ကျောက်ဖြူတွင် ၉ လုံးနှင့် မြောက်ဦးတွင် ၁ လုံးတို့ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့်အတွက် လာမည့်ခရီးသွားရာသီတွင် ပြည်ပခရီးသွားများထက် ပြည်တွင်းခရီးသွားများ၏အားဖြင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးကို ဗဟိုမှချမှတ်ထားကြောင်း ဦးတင်ထွန်းအောင်ကဆိုသည်။

“ကိုဗစ်ကာလမှာ ကျွန်တော်တို့က ဟိုတယ်တွေကိုပိတ်မထားခိုင်းပါဘူး။ စည်းနဲ့ကမ်းနဲ့ဖွင့်မယ်ဆိုရင် ဖွင့်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် Lockdown သတ်မှတ်ချက်တွေရှိနေတော့ ခရီးသွားတဲ့ဦးရေက လျှော့ကျသွားရတာပါ။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းခရီးသွားတွေရဲ့အားနဲ့ ခရီးသွားလုပ်ငန်းဦးမော့လာအောငိ ကြိုးစားဖို့အတွက်စီစဉ်ထားပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ ဟိုတယ်များကိုပြန်လည်ဖွင့်လှစ်ထားသော်လည်း ခရီးသွားဝင်ရောက်မှုမရှိသည့်အတွက် တည်းခိုသူများနည်းပါးလျှက်ရှိနေကြောင်း ကျောက်ဖြူဟိုတယ်ပိုင်ရှင် ဒေါ်ဝင်းမာအေးကဆိုသည်။

“ကိုဗစ်ကာလနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လာတည်းတဲ့သူတွေက အရမ်းနည်းသွားတယ်။ အရင်က လူတစ်ရာလောက်လာရင် အခု လူ ၁၀ ယောက်လာဖို့ကမသေချာတော့ဘူး”ဟု ၎င်းကဆိုသည်။

ထို့သို့လာရောက်တည်းခိုသူများနည်းပါးကာ ဝင်ငွေပိုင်းဆိုင်ရာထိခိုက်လာသည့်အတွက် ဟိုတယ်မှဝန်ထမ်းများကို ထက်ဝက်ခန့်လျှော့ချလိုက်ရကြောင်းလည်း ဒေါ်ဝင်းမာအေးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတည်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ၏ စာရင်းအရသိရသည်။

ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှုကျဆင်းခဲ့သည်နှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေကြသည့် ဒေသခံများမှာလည်း အလုပ်အကိုင်အဆင်မပြေမှုများနှင့်ရင်ဆိုင်နေကြရကြောင်း သိရသည်။

ဗီဒီယိုများ