ကင်းတောင်ရွာတွင် စစ်တပ်မှတပ်စွဲနေထိုင်ကာ ရွာသားများကို ညမထွက်ရန် တားမြစ်ထားသဖြင့် ရွာသားများစိုးရိမ်

တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာတွင် မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်လျှက်ရှိပြီး ရွာသားများကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ရွာအပြင်သို့မထွက်ရန် တားမြစ်ထားခြင်းကြောင့် ရွာသားများမှာ စိုးရိမ်နေကြသည်။

22 May 2022

DMG ၊ မေ ၂၂

တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာတွင် မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်လျှက်ရှိပြီး ရွာသားများကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ရွာအပြင်သို့မထွက်ရန် တားမြစ်ထားခြင်းကြောင့် ရွာသားများမှာ စိုးရိမ်နေကြသည်။

အင်းအား ၈၀ ဝန်းကျင်ခန့်ပါဝင်သည့် စစ်သားများသည် မေလ ၁၉ ရက်နေ့က ကင်းတောင်ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်ဟုဆိုကာ ရွာသားများကိုညမထွက်ရန် တားမြစ်ချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ထားခြင်းကြောင့် ကျေးရွာသားများမှာ စိုးရိမ်နေရသည်ဟု ကင်းတောင်ကျေးရွာမှ အမည်မဖော်လိုသည့်ရွာသားတစ်ဦးကပြောသည်။

"အမိန့်ထုတ်ပြန်တာက ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်လို့ ရွာဆော်ကအော်တယ်။ ဘာမှန်းမသိဘဲ အခုလိုညမထွက်ရအမိန့်ထုတ်ပြန်တယ်ဆိုတော့ စိုးရိမ်မိတာတော့အမှန်ပဲ။ အခုသူတို့တွေက ရွာကဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်"ဟု ၎င်းရွာသားကဆိုသည်။

ယခင်ကလည်း စစ်သားများမှာ ကင်းတောင်ကျေးရွာအတွင်းဝင်ရောက်မှုရှိခဲ့သော်လည်း ယခုကဲ့သို့ ညမထွက်ရန်တားမြစ်ခဲ့ခြင်း မရှိပေ။

လက်ရှိမှာ ကင်းတောင်ကျေးရွာသားများကို ညမထွက်ရန်တားမြစ်ထားခြင်းမှာ ၄ ရက်အထိကြာမြင့်လာပြီဖြစ်သည်။ ထိုသို့ ညမထွက်ရဟု ကြာရှည်စွာတားမြစ်ထားပါက ငါးရှာဖားရှာကာ အသက်မွေးဝမ်းကျောင်းပြုနေသူများအတွက် စားဝတ်နေရေးကို ထိခိုက်လာနိုင်သည်ဟု နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။

"အခုရာသီက ကျနော်တို့ ငါးရှာဖားရှာထွက်ကြတာများတယ်။ အခုလေးရက်ရှိနေပြီ အပြင်မထွက်ရတာ။ သူတို့ကတော့ ထွက်လို့ရတယ်ပြောတယ်။ မီးကောင်းကောင်းနဲ့ထွက်သူတွေကို ခေါ်စစ်ရင် စစ်ဆေးခံဆိုပြီးတော့ပြောတယ်။ ဒါပေမဲ့သူတို့က ရွာထဲမှာရော ရွာပြင်မှာရော သေနတ်တွေထမ်းပြီးနေကြတာ ကျနော်တို့မထွက်ရဲဘူး"ဟု ၎င်းကဆိုသည်။

ကင်းတောင်ကျေးရွာအတွင်း တပ်စွဲထားသည့်စစ်တပ်မှာ တောင်ကုတ်မြို့အခြေစိုက် (၅၄၄)တပ်ရင်းမှဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ကင်းတောင်ကျေးရွာမှာ တောင်ကုတ်မြို့မှာ ၁၁ မိုင်ခန့် အကွာတွင်ရှိပြီး ကျေးရွာသားအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ကြသည်။

လက်ရှိ စစ်တပ်မှ တပ်စွဲနေထိုင်ခြင်းနှင့် ကျေးရွာအတွင်း ညမထွက်ရန်တားမြစ်ထားခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လဲ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယခုမေလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင်လည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာသို့ မြန်မာစစ်တပ်ကဝင်ရောက်လာပြီး ULA ကျေးရွာတာဝန်ခံများကို ရှာဖွေမှုများရှိခဲ့သလို မေလ ၁၆ ရက်နေ့ကလဲ တန်းလွဲရွာမမြို့ အဝင်၊အထွက်တွင်တပ်စွဲကာ မြို့တွင် AA တာဝန်ခံများ ရှိ၊ မရှိကို ပြည်သူများအား စစ်ဆေးမေးမြန်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်များနှင့် ရက္ခိုင့်တပ်တော်တို့အကြား စစ်ရေးတင်းမာမှုများရှိနေသည့်အတွက် အချိန်းမရွေး တိုက်ပွဲဖြစ်လာနိုင်ကြောင်း မေလ ၁၅ ရက်နေ့တွင် ရက္ခိုင်တပ်တော်မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ