မြန်မာစစ်တပ်က ရှာဖွေနေသောကြောင့် တောင်ကုတ်ဒေသခံတစ်ဦး တိမ်းရှောင်နေရ

မြန်မာစစ်တပ်က နေအိမ်အထိသွားရောက်ပြီး ရှာဖွေနေသောကြောင့် တောင်ကုတ်မြို့နယ်၊ ကံပြင်ကျေးရွာမှ ကိုအောင်ကျော်နိုင်မှာ ကျေးရွာတွင်မနေရဲတော့ဘဲ တခြားကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေရသည်ဟု ကာယကံရှင်ကပြောသည်။

13 Jul 2022

တောင်ကုတ်မြို့နယ်၊ ကံပြင်ကျေးရွာမှ ကိုအောင်ကျော်နိုင် နေအိမ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

DMG ၊ ဇူလိုင် ၁၃

မြန်မာစစ်တပ်က နေအိမ်အထိသွားရောက်ပြီး ရှာဖွေနေသောကြောင့် တောင်ကုတ်မြို့နယ်၊ ကံပြင်ကျေးရွာမှ ကိုအောင်ကျော်နိုင်မှာ ကျေးရွာတွင်မနေရဲတော့ဘဲ တခြားကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေရသည်ဟု ကာယကံရှင်ကပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်သည် ကိုအောင်ကျော်နိုင်နေအိမ်သို့ လာရာက်ရှာဖွေခဲ့သည်။ ရက္ခိုင့်တပ်တော်(AA)အတွက် ငွေကြေးကောက်ခံကာ ထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးရန် သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။

“ကျနော့်ကိုရှာတာက အေအေအတွက် ငွေကောက်ခံပေးနေတာကြောင့် လာရှာတာလို့သိရတယ်။ သူတို့ရှာတဲ့အချိန် ကျနော်နဲ့ ကျနော့်ဇနီးက လယ်ထဲကိုရောက်နေတယ်။ ကျနော်ဘယ်အဖွဲ့အစည်းအတွက်မှ ငွေလည်းမကောက်ဖူးဘူး”ဟု ၎င်းကဆိုသည်။

စစ်တပ်က နေအိမ်သို့လာရောက်ရှာဖွေပြီးနောက်တွင် ကိုအောင်ကျော်နိုင်အပါအဝင် မိသားစုတစ်စုလုံးမှာ မိမိနေရပ်မှ ထွက်ခွာတိမ်းရှောင်နေရသည်ဟုဆိုသည်။

“ကျနော်တို့ အခု နေအိမ်မှာမနေရဲဘူး။ တိမ်းရှောင်နေရတယ်။ ကျနော်က ရပ်ရွာမှာ ပရဟိတလုပ်ပါတယ်။ လူငယ်တွေနဲ့ စုပေါင်းပြီး။ ဘယ်အဖွဲ့အစည်းအတွက်မှလည်း တစ်ခါမှ ပိုက်ဆံကောက်တာ မရှိခဲ့ဖူးဘူး"ဟု ကိုအောင်ကျော်နိုင်က ဆိုသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခု၊ နိုဝင်ဘာလမှစတင်ကာ ၂၀၂၀၊ နိုဝင်ဘာလအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ နားလည်မှုသဘောဖြင့် နှစ်ဘက်အပစ်ရပ်ခဲ့သည်။ သို့သော် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုရှိလာပြီး စစ်ရေးတင်းမာနေကာ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများရှိနေသည်။

ဗီဒီယိုများ