တပ်မတော်ရေယာဉ်ပေါ် နှိပ်စက်ခံခဲ့ရသူ ၅ ဦး၏အမှုတွင် တရားခံပြေး ၇ ဦး ပါဝင်နေ

လက်ရှိဖမ်းဆီးခံထားရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင် (၂၄)နှစ် ၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး (၃၈)နှစ်နှင့် မြောက်ဦး မြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ ဖြစ်ကြသည်။

By အောင်ထိန် 06 Jun 2020



အောင်ထိန် | DMG
ဇွန် ၆ ၊ စစ်တွေ

တပ်မတော်ရေယာဉ်ပေါ်၌နှိပ်စက်ခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေရသူ ၅ ဦး၏ အမှုတွဲတွင် တရားခံပြေး ၇ ဦးပါဝင်နေသည်။

အဆိုပါအမှုအား ဇွန်လ ၅ ရက်နေ့ကရုံးထုတ်တွင် တရားခံပြေးအမှုအတွက် စစ်ဆေးမည့် မှင်နီသက်သေ မရောက်ရှိခဲ့သဖြင့် ကြားနာစစ်ဆေးခြင်းမရှိခဲ့ပေ။

“ဝရမ်းစာမဝင်သေး၊ ဝရမ်းစာဝင်လို့အတည်ပြုပြီးမှ အခုဖမ်းဆီးထားတဲ့ တရားခံ ၅ ဦးအမှုကို ဆက်လက် ကြားနာစစ်ဆေးမှာ”ဟု အကြမ်းဖက်မှုနှင့်တရားစွဲဆိုခံရသူ ၅ ဦးအမှုအတွက် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန်မောင်က ရှင်းပြသည်။

လက်ရှိဖမ်းဆီးခံထားရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင် (၂၄)နှစ် ၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး (၃၈)နှစ်နှင့် မြောက်ဦး မြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ ဖြစ်ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို ဧပြီလ ၁၉ ရက်နေ့တွင် တပ်မတော်က ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက် (၃၃)ဦးကို ပြန်လွှတ်ပေးခဲ့ကာ လက်ရှိအကြမ်းဖက်မှုနှင့် တရားရင်ဆိုင်နေရသူ ၅ ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း တပ်မတော်သားများမှ ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်မေးမြန်းနေသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။

ယင်းဗီဒီယိုဖိုင်မှာပါသည့်အတိုင်းလုပ်ဆောင်ခြင်းမှာ တပ်မတော်တပ်ဖွဲ့ဝင်များ မှန်ကန်သည့်အတွက် ထိုသို့ လုပ်ဆောင်ခဲ့သူများအား စစ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု တပ်တော်က ထုတ်ပြန် ထားသည်။

ထိုနောက် ၎င်းတို့ ၅ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ၅၅၀ တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ပြီး ပုဏ္ဏားကျွန်းမြို့ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ၊ ၅၂(က)တို့ဖြင့် ဧပြီ ၂၃ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့သည်။

“အဒေါ်သားလေးက မိသားစုကိုလုပ်ကျွေးနေတာပါ။ အဒေါ်တို့က ဆင်းရဲတယ်၊ အဲဒီသားလေးကို အားကိုးပြီးနေ နေရတာ။ ဘာမှလည်းအပြစ်မရှိဘူး။ မိုးလင်းရင် အလုပ်သွား၊ ညနေဆိုရင် နေဝင်မှပြန်လာရတယ်”ဟု တရား ရင်ဆိုင်နေရသူ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်နှင့် တရားစွဲဆိုခံထားရသူ ၅ ဦးကို လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ဗီဒီယိုများ