ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ကျောင်းသားလေးဦး အမှုကို ယခုလကုန်ပိုင်းတွင် စွဲချက်အမိန့်ချမည်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်- ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၉ တို့ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

16 Jul 2021

DMG ၊ ဇူလိုင် ၁၆

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်- ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၉ တို့ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ကျောင်းသားလေးဦးကိုရုံးထုတ်ရန် ထောင်အချုပ်မှ တရားရုံးသို့ အချုပ်ကားဖြင့်ခေါ်ဆောင်လာပြီး အချုပ်ကားပေါ်မှဆင်းစဉ် ၎င်းကျောင်းသားများအပါအဝင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူတချို့က တရားစီရင်ရေးကြန့်ကြာနေမှု၊ အကြမ်းဖက်ဥပဒေနှင့် တရားစွဲဆိုခံထားရသောအမှုများကို ဆိုင်းငံ့ထားခြင်းအား ချက်ချင်းအမိန့်ချပေးရေး၊ အပြစ်မဲ့ပြည်သူများအား ချက်ချင်းလွှတ်ပေးရေးတို့ကို တရားရုံးပရဝုဏ်အတွင်း ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

ယင်းအပြင် တရားစွဲခံထားရသည့် ကျောင်းသားလေးဦးသည် တရားခွင်သို့ရောက်သောအခါတွင်လည်း တရားသူကြီးသူထံ သူတို့၏ အမှုနှင့်ပတ်သက်၍ ယနေ့တွင် အမိန့်ချပေးရန် တောင်းဆိုခဲ့ကြသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ကျောင်းသားတွေက ပြောတာက သူတို့ဟာ အချိန်တွေအများကြီးကြာနေပြီ။ မလိုလားအပ်ဘဲ အချိန်တွေကြန့်ကြာနေတဲ့အတွက် ဒီနေ့ပဲကျနော်တို့ကို အမိန့်ချပေးပါလို့ ကျောင်းသားတွေက တောင်းဆိုကြတယ်။ တရားသူကြီးက ကျောင်းသားတွေကို ၃၀ ရက်နေ့မှာ စွဲချက်အမိန့်ချပေးမယ်လို့ပြောတယ်။ အဲဒီအပေါ်မှာ ကျောင်းသားတွေက မကျေနပ်ကြဘူး။ ဒီနေ့ပဲ ကျနော်တို့ကို အမိန့်ချပေးပါလို့ တောင်းဆိုတယ်။ နောက်ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်” ဟု ၎င်းကဆိုသည်။

ယနေ့ရုံးချိန်းတွင် တရားသူကြီးမှ အမှုနှင့်ပတ်သက်ပြီး အမိန့်မချပေးသည့်အတွက် ကျောင်းသားလေးဦးသည် အမိန့်မချလျှင် ထောင်အချုပ်သို့ မပြန်ကြောင်း ထပ်မံဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယင်းနောက် ရုံးရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများကို အင်အားသုံး၍ အချုပ်ကားထဲသို့ဆွဲခေါ်ကာ စစ်တွေ အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားသည်ကို DMG မှ တွေ့ရှိခဲ့ရသည်။

ယနေ့တွင် အမိန့်ချရန် ကျောင်းသားလေးဦးတောင်းဆိုချက်ကို တရားရုံးလက်စွဲအပိုဒ်(၄၄၆)၊ (၄၄၇)တို့ဖြင့် ဥပဒေနှင့်အညီ အမိန့်ချ၍ရသော်လည်း တရားသူကြီးသူမှ အမိန့်မချဘဲ ထပ်မံရုံးချိန်းလိုက်ခြင်းအပေါ် ကျောင်းသားများက တရားရုံးအပေါ်တွင် အယုံအကြည်မရှိဟုပြောဆိုခဲ့ကြောင်း ရှေ့နေဦးကျော်ညွန့်မောင်က ပြောသည်။

“ကျနော်အမြင်က ဒီနေ့မှာ ကျောင်းသားတွေ ရုံးရင်းဆန်ခတ်ဖြစ်စရာ အကြောင်းမရှိဘူးလို့မြင်တယ်။ တကယ်လို့ ကျနော်သာ တရားသူကြီးဆိုရင် ဒီအမှုဟာ ရှုပ်ထွေးတဲ့အမှုလည်း မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကျောင်းသားတွေကို စွဲချက်နဲ့ပတ်သက်ပြီး၊ သဘောကအဲဒီအမှုဟာ လျှောက်လဲချက်ပေးပြီးမှ စွဲချက်တင်ရမယ်လို့ပြဋ္ဌာန်းထားတာမဟုတ်ဘူး။ အဲဒီတော့ ကျောင်းသားတွေတောင်းဆိုတဲ့အတိုင်း စွဲချက်တင်လိုက်မယ်၊ ဘာပဲဖြစ်ဖြစ် တရားသူကြီးဟာ ဒီကိစ္စကိုဖြေရှင်းမယ်ဆိုလို့ရှိရင် တရားရုံးလက်စွဲ (၄၄၇)အရ အမိန့်စာရေးပြီးတော့ ချက်ချင်းအမိန့်ချလို့ရတယ်” ဟု ၎င်းကပြောသည်။

ကျောင်းသားလေးဦးအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေများစစ်ဆေးပြီးစီးသွားပြီဖြစ်သည့်အတွက် ယနေ့ ဇူလိုင် ၁၆ ရက်နေ့ ရုံးချိန်းတွင် နှစ်ဘက်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့် ဇူလိုင် ၃၀ ရက်နေ့ရုံးချိန်းတွင် စွဲချက်တင်သင့်၊မတင်သင့် အမိန့်ချသွားမည်ဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင်လှည့်လည်ကာ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ဆန္ဒဖော်ထုတ်နေစဉ်အတွင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။က်ရှိတွင် ကျောင်းသားလေးဦး ဖမ်းဆီးတရားစွဲဆိုခံထားရသည်မှာ ရှစ်လကျော်အထိရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ