Quarantine ဝင်နေရသူများ စိတ်အားငယ်မှုမရှိစေရန် တေးဂီတဖြင့်ဖျော်ဖြေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့အတွင်းသို့ ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Quarantine ဝင်နေရသူများကို လေးတောင်မြို့ခံ လူမှုအဖွဲ့အစည်းမှ တေးဂီတဖြင့် ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

By အောင်ကောင်းဇော် 06 May 2020

အောင်ကောင်းဇော် | DMG
မေ ၆ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့အတွင်းသို့ ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Quarantine ဝင်နေရသူများကို လေးတောင်မြို့ခံ လူမှုအဖွဲ့အစည်းမှ တေးဂီတဖြင့် ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

၂၁ ရက်ကြာ Quarantine ဝင်နေကြသူများ စိတ်အားငယ်မှုမရှိစေရန် ယခုကဲ့သို့ တေးဂီတဖြင့်ဖျော်ဖြေပေးခြင်း အစီအစဉ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တေးဂီတဖျော်ဖြေရေးအဖွဲ့ ဦးဆောင်သူ ကိုစိုးမင်းနိုင်က ဆိုသည်။

“ပြည်တွင်းပြည်ပက ပြန်လာတဲ့သူတွေ ၂၁ ရက်တာ Quarantine ဝင်နေကြရတယ်။ ဒီ ၂၁ ရက်ဆိုတဲ့ကာလ ကလည်း နည်းတာမဟုတ်ဘူး။ ဒီကြားထဲမှာ သူတို့ကို သီးခြားခွဲထားတယ်ဆိုပြီး စိတ်အားငယ်သွားမှာကို စိုးရိမ်တယ်။ သူတို့နဲ့တစ်သားတည်း ကျနော်တို့လည်းရှိတယ်ဆိုတာကိုပြချင်လို့ အခုလို ဖျော်ဖြေမှုလုပ်တာ ဖြစ်တယ်” ဟု ကိုစိုးမင်းနိုင်က ပြောသည်။

လေးတောင်မြို့နယ်အတွင်းတွင် Quarantine ထားရှိသည့်နေရာ ၅ ခုရှိပြီး လူဦးရေ ၅၀ ကျော် Quarantine ဝင်လျက်ရှိကြောင်း လေးတောင်မြို့ COVID-19 ကာကွယ်ရေး ကော်မတီမှသိရသည်။

ထိုသို့ Quarantine ဝင်ရောက်နေသူများအတွက် လိုအပ်သည်များကို စီစဉ်ပေးထားကြောင်း လေးတောင်မြို့ COVID-19 ကာကွယ်ရေးကော်မတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုတင်မိုးက ဆိုသည်။

“သူတို့အတွက် လိုအပ်မှုမရှိအောင် ရေ၊ မီးတွေကို လုပ်ပေးထားတယ်။ အစားအသောက်တွေကိုတော့ သူတို့ မိသားစုတွေအနေနဲ့ စီမံပေးနေတယ်။ ကျနော်တို့ COVID-19 ကော်မတီအနေနဲ့လည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး နေစဉ်ဆောင်ရွက် စစ်ဆေးနေတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်လည်း ယခုကဲ့သို့ Quarantine ဝင်နေရသူများကို တေးဂီတဖြေဖျော် မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ