ရခိုင်က တိုက်နယ်ဆေးရုံတချို့တွင် ၂ နှစ်ခန့်ကြာသည့်တိုင် ဆရာဝန်ရောက်မလာသေး

ရခိုင်ပြည်ရှိ မြောက်ဦး၊ ရမ်းဗြဲ၊ ရသေ့တောင် စသည့်မြို့နယ်များရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသည်မှာ နှစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည်။

27 Jul 2022

မြောက်ဦးမြို့နယ်၊ တိမ်ညိုတိုက်နယ်ဆေးရုံအား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၇

ရခိုင်ပြည်ရှိ မြောက်ဦး၊ ရမ်းဗြဲ၊ ရသေ့တောင် စသည့်မြို့နယ်များရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသည်မှာ နှစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည်။

ရမ်းဗြဲမြို့နယ်၊ စကုကျွန်းတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂၀၂၀ ခုနှစ်မှ ယခုအချိန်ထိဖြစ်သည်။ အထက်တန်းသူနာပြုဆရာမ(၂)ဦးဖြင့်သာ လည်ပတ်လျက်ရှိနေသည်။ အဆိုပါတိုက်နယ်ဆေးရုံကို ကျေးရွာ ၈ ရွာခန့်မှ လူဦးရေ ၅၀၀၀ ခန့်က အားထားနေရသည်ဟု ရေကောက်ချောင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းကျော်ကဆိုသည်။

“Blue Staff (အထက်တန်းသူနာပြု) နှစ်ယောက်နဲ့ ဆေးကုသနေရတယ်။ အရေးပေါ်လူနာတွေဆိုရင် တောင်ကုတ်နဲ့ ရမ်းဗြဲမြို့ထက်က ဆေးရုံကြီးတွေကိုသွားရပါတယ်။ စက်လှေနဲ့ဆိုရင် ရမ်းဗြဲကို ၆ နာရီ၊ တောင်ကုတ်ဆိုရင်လည်း ၄ နာရီလောက်သွားရတယ်။ ဆိုတော့ အရေးပေါ်လူနာတွေဆိုရင် အသက်သေဆုံးသွားတာတွေလည်း ရှိခဲ့ဖူးပါတယ်။ အခုလို မိုးရာသီမှာဆိုရင် တခါတလေလှိုင်းကြီးတယ်။ စက်လှေမှောက်ရမှာကိုလည်း စိုးရိမ်ရပါတယ်”ဟု ၎င်းကဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းအုပ်စုမှ ၁၆ ကုတင်ဆံ့ ဦးဂါတိုက်နယ်ဆေးရုံတွင်လည်း ၂၀၂၀ ခုနှစ် ဆေးရုံစဖွင့်ချိန်မှ လက်ရှိအချိန်ထိ ဆရာဝန်မရောက်နိုင်သေးဘဲ အထက်တန်းသူနာပြုဆရာမ တစ်ဦးဖြင့်သာ ကျေးရွာ ၁၀ ခန့်ကဒေသခံများကို ဆေးကုသပေးနေရသည်ဟု ဦးဂါကျေးရွာမှ ကိုမောင်မြတ်အောင်ကဆိုသည်။

“အရင်တုန်းကတော့ ကူတောင်တိုက်နယ်ဆေးရုံက ဆရာဝန် တစ်လ တခါတော့လာခဲ့တယ်။ အခုနောက်ပိုင်းမှာ မလာတော့ဘူး။ ကူတောင်တိုက်နယ်ဆေးရုံကိုပဲ သွားနေရပါတယ်။ အဲဒီဘက်ကိုသွားရင်လည်း လမ်းကအရမ်းဆိုးတော့ အရမ်းနေမကောင်းဖြစ်နေသူတွေဆိုရင် လုံးဝမသွားချင်ကြဘူး”ဟု ဆိုသည်။

တိုက်နယ်ဆေးရုံတွင် ဆရာဝန်ချပေးရန် သက်ဆိုင်ရာသို့ စာတင်ပြီးတောင်းဆိုကြသော်လည်း လက်ရှိအချိန်ထိ ဆရာဝန်ရောက်မလာသေးကြောင်းဆိုသည်။

ယင်းပြင် မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ဆေးရုံမှ ဆရာဝန်မှာလည်း ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ အထူးကုဆရာဝန်ကျောင်းဆက်တက်ရန် သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းနောက် အစားထိုးဆရာဝန် မရောက်လာသေးဘဲ အထက်တန်းသူနာပြုဖြင့်သာ ဆေးကုသခံနေရသည်ဟုသိရသည်။

ထိုသို့ ဆရာဝန်မရှိခြင်းမှာ ပုံမှန်ဒေသခံများထက် စစ်ဘေးရှောင်စခန်းမှ ကျန်းမာရေးမကောင်းသူများမှာ ပိုပြီးအခက်အခဲကြုံတွေ့ရပြီး ဆရာဝန်တစ်ဦး အမြန်ဆုံးချပေးရန် စခန်းတာဝန်ရှိသူ ဦးစိုးနိုင်က တောင်းဆိုသည်။

“ကျနော်တို့ကတော့ တိမ်ညိုဆေးရုံမှာ ဆရာဝန်ရှိတယ်ဆိုရင် ငွေအများကြီးမကုန်ဘူး။ ဆရာဝန်မရှိတဲ့အခါ မြောက်ဦးမြို့ဆေး ရုံသို့သွားပြီး ဆေးကုသရတဲ့အခါ ပိုက်ဆံအများကြီးကုန်တယ်။ ပိုက်ဆံမတတ်နိုင်ကြဘူးဆိုရင် ကုတ်ခံပြီးတော့ အဆင်ပြေသလိုနေရပါတယ်”ဟု ဆိုသည်။

အစိုးရအနေဖြင့် ဆရာဝန်များ လုံလောက်စွာမချပေးနိုင်ခြင်းမှာ ဆေးကျောင်းတက်သူနည်းပါးလာခြင်း၊ အစိုးရလုပ်ငန်းခွင်မှာ ဆရာဝန် အလုပ်လုပ်သူနည်းလာခြင်း၊ အထူးကုဆရာဝန်အဖြစ် ကျောင်းဆက်တက်နေကြခြင်း၊ နိုင်ငံခြားသို့ ထွက်သွားခြင်း စသည်တို့ကြောင့် ရခိုင်ပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ဆရာဝန်အင်အား နည်းပါးလာခြင်းဖြစ်သည်ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် အထူးကု ဆရာဝန်တစ်ဦးက DMG ကိုပြောသည်။

“အရင်တုန်းကဆိုရင် ဆရာဝန်အလုပ်ကို ရူးရူးသွပ်သွပ်လုပ်ကြတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အစိုးရဝန်ထမ်း ဆရာဝန်အလုပ်ကို မလုပ်ချင်ကြတော့ဘူး။ တချို့ငွေကြေးတတ်နိုင်တဲ့သူတွေဆိုရင် ကိုယ်ပိုင်ဆေးခန်းတွေ ဖွင့်ကြတယ်။ တခြားပြင်ပအလုပ်တွေ INGO/NGO တွေမှာ ဆရာဝန်အလုပ်တွေဝင်လုပ်သွားကြတယ်”ဟု ဆိုသည်။

တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသည့် ကိစ္စများနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် ရခိုင်ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာကြည်လွင်အား ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

ဗီဒီယိုများ