စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးရောက်မည်မဟုတ်ဟု သုံးသပ်

အာဏာသိမ်းစစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ခေါင်းဆောင်များနှင့် တစ်ဖွဲ့ချင်းသီးသန့် လက်ခံတွေ့ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခရီးဆုံးထိ ရောက်ရှိမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုနေကြသည်။

12 Jun 2022

DMG ၊ ဇွန် ၁၂

အာဏာသိမ်းစစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ခေါင်းဆောင်များနှင့် တစ်ဖွဲ့ချင်းသီးသန့် လက်ခံတွေ့ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခရီးဆုံးထိ ရောက်ရှိမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုနေကြသည်။

စစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ရှိတွေ့ဆုံဆွေးနွေးနေခြင်းမှာ ဟန်ပြလုပ် ဆောင်နေခြင်းသာဖြစ်သည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ရှုမြင်သည်။

“ဒီ EAOs တွေနဲ့ သဘောတူညီချက်ရတယ်ဆိုတာကိုလည်း ရုပ်ပြအားဖြင့် ကမ္ဘာကိုလည်းအသိအမှတ်ပြုအောင် မြင်အောင် သူ့ဖက်က(စစ်ကောင်စီ)လုပ်ပြချင်တဲ့သဘော။အဲဒီ ထက်လည်း မပိုဘူးလို့ပြောချင်ပါတယ်” ဟု ဦးဖေသန်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့မှစ၍  စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် EAOs တွေ့နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP) နှင့်အမျိုး သားဒီမိုကရေစီ မဟာမတ်တပ်မတော် (NDAA-မိုင်းလား) စသည့်အဖွဲ့တို့မှ ခေါင်းဆောင်များနှင့်တွေ့ဆုံထားပြီး ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ EAOs များနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူ ထောင်ရေး၊ ဒေသဖွဲ့ဖြိုးရေးနှင့်ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးကိစ္စရပ်များကို သဘောတူညီမှုရှိခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်သည့်အဖွဲ့များမှ သတင်းမီဒီယာများတွင် ပြောကြားထားသည်။

စစ်ကောင်စီ၏ ပြောဆိုမှုမှာ အပြောသက်သက်သာဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်မှုမှာဖြစ်လာမည်မ ဟုတ်ကြောင်း နောက်ထပ် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“လောလောကတော့ လေထဲမှာတိုက်တွေဆောက်နေတဲ့သလောလောက်ပါပဲ။တိုက်နဲ့တော နေရာမှာပေါ့။ ဒါပေမဲ့ လောလောတိုက်မရှိသေးဘူး။ဒါကြောင့်မို့ လက်တွေ့အဓိပ္ပာယ်အရတော့ ဘာမှဖြစ်မြောက်တာမရှိသေးဘူး လို့ ကျွန်တော်တို့အနေနဲ့မြင်ပါတယ်”ဟု ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် အချိုးကျကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးကာ ရွေးကောက်ပွဲကျင့်ပကာ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းပြောဆို ထားသည်။

ယင်းကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်၍ ဆွေးနွေးနေခြင်းဖြစ် ပြီး ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs များနှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်းဆိုသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရှိရန်လိုအပ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့်စစ် ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်တွေ့ဆုံစဉ် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကယခုကဲ့သို့ ပြောကြားခဲ့သည်။

“ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်၍ ဆွေးနွေးလက်ရှိပြီး ကျန်ရှိသည့်အဖွဲ့များနှင့်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

စစ်ကောင်စီမှ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်စာရင်းပေးထားသည့် တိုင်းရင်း လက်နက်အဖွဲ့ ၁၀ ဖွဲ့ရှိပြီး လက်ရှိတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဆွေးနွေးရန် ရှိနေသေးသည်။

ဗီဒီယိုများ