မာန်အောင်တွင် စပါးသီးနှံထွက်နှုန်း နည်းပါးသောကြောင့် ဆန်ဈေးမြင့်တက်

မာန်အောင်မြို့နယ်တွင် လယ်ယာလုပ်ကိုင်သူ နည်းပါးလာပြီး စပါးသီးနှံဖြစ်ထွန်းမှု နည်းပါးသောကြောင့် ဆန်ဈေးများ မြင့်တက်လျက်ရှိသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံက သိရသည်။

By အောင်ကောင်းဇော် 09 Dec 2019

အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၉၊ မာန်အောင်

မာန်အောင်မြို့နယ်တွင် စပါးသီးနှံဖြစ်ထွန်းမှု နည်းပါးသောကြောင့် ဆန်ဈေးများ မြင့်တက်လျက်ရှိသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံက သိရသည်။

ယခင်နှစ်က ဒေသထွက် ဆန်ကောင်း တစ်တင်းလျှင် ငွေ(၁၄၀၀၀)ကျပ်နှင့် ဆန်ညံ့တစ်တင်းလျှင် ငွေ(၁၀၀၀၀) ကျပ်သာရှိခဲ့သည်။ ယခုနှစ်တွင် ဒေသထွက် ဆန်ကောင်း တစ်တင်းလျှင် ငွေ(၁၈၀၀၀)ကျပ်နှင့် ဆန်ညံ့တစ်တင်းလျှင် ငွေ(၁၂၀၀၀)ကျပ်အထိ မြင့်တက်လာသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ကြည်သန်းက ပြောသည်။

လယ်ယာလုပ်ငန်းရှင် ဦးခင်မောင်သန်းကလည်း မာန်အောင်ဒေသတွင် လယ်ယာများရှိသော်လည်း လယ်ယာလုပ်ကိုင်သူ နည်းပါးလာသောကြောင့် စပါးဖြစ်ထွန်းမှုနည်းပါးသည်ဟု ဆိုသည်။

“ဒီနှစ် ရာသီဥတုကလည်းတစ်မျိုးဖြစ်တော့ သီးနှံမဖြစ်ဘူး။ အရင်နှစ်ကတော့ ကျနော့်လယ်နှစ်ဧကဆိုရင် စပါးတင်း (၁၅၀)ကျော်ထွက်တယ်။ ဒီနှစ်ဆို တင်းတစ်ရာတောင်မရဘူး။ လယ်ယာလုပ်တယ်ဆိုလည်း လုပ်သားငှားစရိတ်က အရမ်းများတယ်။ အဲဒါကြောင့် လယ်လုပ်သူတွေ နည်းလာတယ်။ သီးနှံမထွက်တာကြောင့် ဆန်ဈေး နည်းနည်းရတယ်။ ဆန်ဈေးရပေမယ့် စပါးမရတော့ တောင်သူတွေအဆင်မပြေဘူး” ဟု ဦးခင်မောင်သန်းက  ပြောသည်။

ယခင်က ဒေသတွင်းဆန်များကို တစ်ခြားမြို့နယ်များသို့ တင်ပို့နိုင်မှုရှိခဲ့သော်လည်း ယခုနှစ်များအတွင်းတွင် တခြားဒေသများသို့ ဆန်တင်ပို့နိုင်မှုမရှိဘဲ တခြားဒေသများက ဆန်များကိုသာ ဝယ်ယူရောင်းချနေကြရကြောင်း သိရသည်။

ဗီဒီယိုများ