ဒေသမတည်ငြိမ်၍ ရခိုင် ကြံစိုက်တောင်သူများ အလုပ်မဖြစ်

ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကြံစိုက်တောင်သူများမှာ ကြံအရောင်းအဝယ်မဖြစ်သဖြင့် အရှုံးပေါ်မည့်အရေးနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

By Admin 16 Dec 2023

ကျောက်တော်မြို့နယ်က ကြံစိုက်ခင်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
ကျောက်တော်မြို့နယ်က ကြံစိုက်ခင်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။

နိုဝင်ဘာလ ၁၃ ရက်မှစပြီး လမ်းခရီးပိတ်ပင်ထား၍ အခြားဒေသများသို့ တင်ပို့ရောင်းချရန် အခက်ကြုံနေရသဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်း ကြံစိုက်တောင်သူများက ပြောကြသည်။ 

“ဒီအချိန်ဆိုရင် ကြံတွေရောင်းနေရပြီ။ အခုက ဝယ်သူတွေလည်း မရှိဘူး။ ကျနော်တို့ပို့နေကျ နေရာတွေကိုလည်း လမ်းတွေပိတ်ဆို့ထားလို့ မတင်သွင်းရဘူး” ဟု ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာမှ ကြံစိုက်ပျိုးရေးလုပ်ကိုင်သူ ဦးဇော်ဇော်က ပြောသည်။

လက်ရှိစိုက်ပျိုးထားသည့် ကြံများကို နောက် ၄ လခန့်ကြာထိ မရောင်းရပါက ကြံပင်များကို ခုတ်လှဲကာ စွန့်ပစ်လိုက်ရမည့် အခြေအနေရှိကြောင်း သူက ပြောသည်။ 

ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်းမြို့နယ်တို့တွင် ကြံစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး အဆိုပါကြံများကို မြို့နယ်အနှံ့သို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ 

“ကြံတွေက ရောင်းကောင်းမယ့် အချိန်ရောက်နေပြီ။ ဝယ်မယ့်သူမရှိတာကြောင့် အခုအချိန်ထိ မရောင်းရသေးဘူး။ လမ်းတွေပိတ်ထားလို့ အရင်လို ခရီးသွားတွေလည်း မရောက်တော့ဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသအထက်ပိုင်း သြရမကျေးရွာမှ ကြံစိုက်တောင်သူ ဒေါ်စုစုက ပြောသည်။

ယခုနှစ် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် “မိုခါ”မုန်တိုင်းကြောင့် စိုက်ပျိုးထားသော ကြံခင်းများပျက်စီးသွား၍ ကြံစိုက်တောင်သူများမှာ ဆုံးရှုံးနစ်နာခဲ့ကြသည်။ လက်ရှိတွင်လည်း ဒေသမတည်ငြိမ်မှုကြောင့် စိုက်ပျိုးထားသည့် ကြံများကို တင်ပို့ရောင်းချရန် အခက်ကြုံနေသဖြင့် စားဝတ်နေရေးခက်ခဲမှုရှိလာမည်ကို တောင်သူများက စိုးရိမ်နေကြသည်။ 

“ကျနော်တို့ဖက်မှာက ကြံမပြောနဲ့ တစ်ခုမှသွားရောင်းလို့ မရဘူး။ ဒီအတိုင်းပဲရှိနေတယ်။ အကုန်လုံး ဆုံးရှုံးဖို့ပဲ ရှိတော့တယ်” ဟု အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက တောင်သူအမျိုးသားတစ်ဦးက ပြောသည်။  

ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုမှာ တစ်လကျော်ကြာလာပြီး စစ်ကောင်စီက လမ်းခရီးပိတ်ဆို့မှုကြောင့် ပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ စသည့် ကုန်စည် ပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။ 

ဗီဒီယိုများ