ရခိုင်တွင် WHO ကားပစ်ခတ်ခံရမှုကြောင့် ဝန်ထမ်းတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီခန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)၏ ကားတစ်စီး ပစ်ခတ်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်။

By မင်းထွန်း 21 Apr 2020

မင်းထွန်း|DMG
ဧပြီ ၂၁ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီခန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)၏ ကားတစ်စီး ပစ်ခတ်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်။

စစ်တွေမြို့တွင် လေကြောင်းခရီးစဉ်များ ရပ်နားထားသဖြင့် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာ ခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အစိုးရပိုင်သတင်းစာများ၏ ရေးသားချက်အရ သိရသည်။

ထို့ကြောင့် WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်နှင့် ကျန်းမာရေးကြီးကြပ် (၂) ဦးအောင် မျိုးဦးမှာ ဒဏ်ရာရရှိ သွားသည်။ ဘယ်ဘက်တင်ပါး ဖောက်ဝင် ဒဏ်ရာတစ်ချက်နှင့် ယာဘက်တံတောင်ဆစ် စုတ်ပြတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့သည့် ဦးပြည့်စုံဝင်းမောင်မှာ မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည်။ လက်ရှိတွင် ယာဘက်လက်ဝါးတွင် ဒဏ်ရာရရှိသွားသည့် ဦးအောင်မျိုးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားသည်။သေဆုံးသူ၏ရုပ်အလောင်းကိုလည်း စစ်တွေဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်။

ရာမောင်တံတားအနီး ပတ်ဝန်းကျင်တွင် ဧပြီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုရှိခဲ့သည်။ မင်းရွာနှင့် ဖားပြိုကျေးရွာမှ ဒေသခံများအဆိုအရ WHO ကား ဖြတ်သန်းသွားလာနေစဉ်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု ပြောကြသည်။

ကုလသမဂ္ဂအနေဖြင့် လုပ်ဖော်ကိုင်ဖက်၏ မိသားစုနှင့်ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပြီး ယင်းဖြစ်ရပ်၏ အခြေအနေများအား စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုပြီး အဖြစ်မှန်ကိုသိရှိအောင်အတွက် သတင်းမီဒီယာများကို ဖြစ်စဉ်ဖြစ် ပွားသည့် ဒေသသို့ လွှတ်ရန်လိုအပ်သည်ဟု ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စောဝေက DMG သို့ပြောသည်။

“ရှေ့ကဖြစ်စဉ်တွေမှာလည်း ဒီလိုပါပဲ။ တိုက်ပွဲ လုံးဝမရှိတဲ့နေရာတွေမှာ တစ်ဖက်သက် ပစ်ခတ်မှုတွေကြောင့်ပဲ သေနေကြရတာတွေရှိတယ်။ ပြောလာရင်လည်း ဘယ်သူမှ မလုပ်ဘူးဆိုတဲ့ အဖြေတစ်ခုပဲ ထွက်နေပါတယ်။ အဲဒီအတွက်ကြောင့် ဒီအဖြေကိုသိဖို့အတွက် လိုအပ်နေပါပြီ။ အဲဒီအတွက်ကြောင့် အခုဖြစ်တဲ့ ဖြစ်စဉ်အပေါ်မှာ သတင်းမီဒီယာတွေကို လွှတ်ဖို့လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ အစိုးရပိုင်သတင်းစာများတွင် ယင်းပစ်ခတ်မှုမှာ ရက္ခိုင့် တပ်တော်( AA)က လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့်ဟု ရေးသားထားသည်။

မြန်မာ့တပ်မတော်၏ ရာမောင်တံတားထိပ်တပ်စခန်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်လိုက်မှုကြောင့် ဝန်ထမ်း နှစ်ဦးဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)ဘက်ကလည်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်အသေးစိတ်သိရှိနိုင်ရန်အတွက် ဒဏ်ရာရရှိသူ ဦးအောင်မျိုးဦးကို စစ်တွေဆေးရုံကြီးတွင် အင်တာဗျူးရန် DMG က ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် မင်းပြားမြို့နယ်အပါအဝင် ရခိုင်နှင့် ချင်းပြည်နယ်က မြို့နယ် (၉)မြို့နယ်ကို အစိုးရက ကြိုတင်အသိပေးခြင်းမရှိဘဲ အင်တာနက်ဖြတ်တောက်ထားသည်။

အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ယင်းဒေသက ဒေသခံများမှာ သတင်းသိပိုင်ခွင့်များအပါအဝင် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စများပါ သက်ရောက်မှုရှိနေသောကြောင့် အင်တာနက်အမြန်ဆုံးပြန်ဖွင့်ပေးရန် နိုင်ငံတကာနှင့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

ရက္ခိုင့်တပ်တော်(AA)ကို မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရကကြေငြာခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲပိုမိုပြင်းထန်လာပြီး အရပ်သားထိ ခိုက်သေဆုံးမှုလည်း ပိုများလာနေသည်။ လက်ရှိတွင် စစ်ဘေးရှောင်ဦးရေမှာလည်း တစ်သိန်းငါးသောင်းကျော်အထိ ရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ