မင်းပြားတွင် ကျေးရွာတွင်း လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်အချို့ပျက်စီး

မြင်းတင်မကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာအဝေးတွင် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်က မိုင်းပေါက်ကွဲသံများနှင့် လက်နက်ငယ်ပစ်ခတ်သံများကြားရပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်လာခဲ့ခြင်းဖြစ်ကြောင်း မြင်းတင်မကျေးရွာမှ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

By ခိုင်ရိုးလ 12 Aug 2019

သြဂုတ် ၁၂ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မြင်းတင်မကျေးရွာအတွင်းသို့ သြဂုတ်လ ၁၀ ရက် ညနေပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် လူနေအိမ်အချို့ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

မြင်းတင်မကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာအဝေးတွင် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်က မိုင်းပေါက်ကွဲသံများနှင့် လက်နက်ငယ်ပစ်ခတ်သံများကြားရပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်လာခဲ့ခြင်းဖြစ်ကြောင်း မြင်းတင်မကျေးရွာမှ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

“အိမ်ခေါင်မိုးတွေပေါက်သွားတယ်။ တစ်အိမ်မှာတော့ လက်နက်ကြီးကျည်ဆံကျတဲ့အပေါက်က တစ်ယောက်ဖက်လောက်ရှိတဲ့ အပေါက်ကြီးတွေဖြစ်သွားတယ်။ အဲဒီအနားမှာ သံဇကာလိုအပေါက်တွေဖြစ်သွားတယ်” ဟု ဆရာတော်ကမိန့်သည်။

ထိုသို့ လက်နက်ကြီးကျရောက်မှုကြောင့် မြင်းတင်မကျေးရွာမှ နေအိမ်သုံးလုံးတွင် ခေါင်မိုးနှင့် အိမ်ရှေ့ခြံစည်းရိုးများတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းတွင်လည်း ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျရောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ကျေးရွာအတွင်းပျက်စီးမှုများ ရှိခဲ့သည့်အတွက် လက်နက်ပစ်ခတ်မှုများကို ကျေးရွာ၊ ဘုရားကျောင်းကန်တို့နှင့် လွတ်ကင်းသည့် နေရာများတွင်သာ ဖြစ်စေချင်ကြောင်း မြင်းတင်မဆရာတော်က မိန့်ကြားသည်။

ယခုပစ်ခတ်မှုများနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကပစ်ခတ်သည်ကို ကျေးရွာသားများက အတည်ပြုနိုင်ခြင်းမရှိဘဲ DMG မှလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် မြင်းတင်မကျေးရွာမှ ဒေသခံများမှာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် စိုးရိမ်မှုများရှိနေပြီး အနီးအနားရှိ နရမ်းကျေးရွာ၊ သေကန်ကျေးရွာနှင့် စစ်ဘေးရှောင်စခန်းများသို့ ထွက်ပြေးခိုလှုံနေကြကြောင်း သိရသည်။ မြင်းတင်မကျေးရွာအတွင်းတွင် ရွာကိုစောင့်ရှောက်မည့်သူ အနည်းငယ်သာကျန်နေခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၈ လကျော် ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေမှာလည်း ငါးသောင်းငါးထောင်ကျော်အထိ ရှိလာသည်။

ဗီဒီယိုများ