၅၃ နှစ်ကြာ ပြိုကျနေသည့် မင်းပြားမြစ်ကမ်းပါး ဖြေရှင်းပေးရန် ဒေသခံများလိုလား

မင်းပြားမြို့ မြစ်ကမ်းပါးပြိုကျမှုမှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် ထိရောက်သည့်  ဖြေရှင်းပေးမှုများ လုပ်ဆောင်ရန် ဒေသခံများလိုလားနေကြသည်။

02 Apr 2021

DMG ၊ ဧပြီ ၂

မင်းပြားမြို့ မြစ်ကမ်းပါးပြိုကျမှုမှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် ထိရောက်သည့်  ဖြေရှင်းပေးမှုများ လုပ်ဆောင်ရန် ဒေသခံများလိုလားနေကြသည်။

မင်းပြားမြို့ကမ်းပြိုကျမှုမှာ ၁၉၆၈ ခုနှစ် ကလိန်နောင် နှစ်ထပ်သင်္ဘောနှစ်မြုပ်သွားသည့်အချိန်မှစတင်ပြီး ရေလမ်းကြောင်းလွဲကာ ကမ်းပါးပြိုကျလာသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း   ၅၃ နှစ်ရှိပြီးဖြစ်ကာ ကမ်းပါးပြိုကျခြင်းကြောင့် မင်းပြားမြို့ပေါ်မှ လူနေရပ်ကွက်ပေါင်း ၁၅ ခုမှာ ကမ်းပါးပြိုကျသည့်အထဲ ပါသွားခဲ့ရသည်ဟု  ဒေသခံမြို့မိမြို့ဖများက ပြောသည်။ 

မင်းပြားမြို့ကမ်းပါးမှာ မိုးရာသီဆိုလျှင် နှစ်စဉ်နှစ်တိုင်း ပြိုကျမှုဖြစ်နေသဖြင့် လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ မကြာခဏ ဆုံးရှုံးနေရသည့်အတွက် လက်ရှိအုပ်ချုပ်သူများအနေဖြင့် ထိရောက်သော ကမ်းပါးထိန်းသိမ်းမှုများကို လုပ်ဆောင်ရန် လိုအပ်သည်ဟု မင်းပြားမြို့ခံ ဒေါ်မိုးမိုးဇံက ပြောသည်။

“ ကမ်းမှာ ကမ်းထိန်းနံရံတွေ အများကြီးလုပ်ပေမဲ့ ပြိုကျတာများတယ်။ မနှစ်ကလည်း ကျမတို့အိမ်ပါ သွားတယ်။ အစိုးရအနေနဲ့ ထိရောက်တဲ့ နည်းနဲ့ လုပ်ပေးစေချင်တယ်။ တစ်ဖက်က လုပ်ပေမဲ့ တစ်ဖက်က ပြိုကျတယ် မိုးရာသီဆိုရင် လုံးဝနေလို့မရဘူး ” ဟု ပြောသည်။

မင်းပြားကမ်းပါးပြိုကျမှုမှာ နှစ်စဉ်မိုးရာသီရောက်တိုင်း လေးမြို့မြစ်ရေ တိုက်စားသဖြင့် တစ်နှစ်လျှင် အနည်းဆုံး သုံးလေးကြိမ်အထိ ပြိုကျနေသည်ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးစံရွှေ့မောင်ကပြောသည်။

“ အညာရေပေါက်တာ၊ နောက် တောင်ကျရေနဲ့ မိုးရာသီဆိုရင် ရေက မြင့်တက်လာပြီးတော့ တစ်နှစ်မှာ သုံးကြိမ်လေးကြိမ်လောက် ကမ်းပြိုတာရှိတယ်။ အခုနှစ်မှာ ဆိုရင်လည်း ရွှေပြည်တန်သင်္ဘောဆိပ်ဖက်က ပါအုံးမယ်။ အဲဒီဖက်က ရေတိုက်စားနေတာတွေရှိတယ် ” ဟု ဆိုသည်။

မင်းပြားမြို့ကမ်းပြိုမှုကို  ထိန်းသိမ်းနိုင်ရန် ဘတ်ဂျက်အလိုက် ခွဲဝေချထားမှုများမှာလည်း နှစ်စဉ်မရရှိသလို ရရှိသော ဘတ်ဂျက်ငွေများဖြင့် ကမ်းထိန်းနံရံများ  တည်ဆောက်ခဲ့သော်လည်း ထိရောက်သော ထိန်းသိမ်းမှုများကို လုပ်ဆောင်နိုင်သည့် ငွေကြေးပမာဏ မဟုတ်ကြောင်း မင်းပြားစည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မင်းခိုင်က ပြောသည်။

“ ဘတ်ဂျက်ချပေးတယ်ဆိုပေမယ့် ကမ်းတစ်ခုလုံးကို ထိန်းနိုင်တဲ့ ဘတ်ဂျက်မျိုးမရဘူး၊ သူတို့ပေးလိုက်တာက သိန်းတစ်ထောင်ချပေးလိုက်တယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်းချပေးတာမျိုးမဟုတ်တော့ အနာတခြား၊ ဆေးတခြားဖြစ်နေတယ်။ ဒါပေမဲ့အခုကတော့ ရေကြောင်းလွှဲမယ့် စီမံကိန်းတစ်ခုကို လုပ်နေပါတယ်။ အဲဒါ အောင်မြင်သွားရင်တော့ မင်းပြားကမ်းပြိုတာ တော်တော်လေးသက်သာသွားမယ်ပေါ့ ” ဟု ပြောသည်။

ကမ်းပြိုကျမူအား သက်သာစေရန်  တောင်တိုက်ရွာ ချောင်းအနီးတွင် မြစ်ရေလွှဲကြောင်းစီမံကိန်းတစ်ခုကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင် လုပ်ဆောင်နေကြောင်း ဦးကျော်မင်းခိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ကမ်းပါးပြိုကျမှုအများဆုံးမှာ ကုလားတန်မြစ်ရေတိုက်စားမှုကြောင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ကမ်းပါးပြိုကျမှုနှင့် လေးမြို့မြစ်ရေတိုက်စားမှုကြောင့် ပြိုကျနေသည့် မင်းပြားကမ်းပါး ပြိုကျမှုမှာ အဆိုးရွားဆုံးအခြေနေ၌ရှိနေသည်။

မြစ်ကမ်းပါးပြိုကျပျက်စီးနေခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ထားရှိမှုအခြေအနေများကို သိရှိနိုင်ရန်အတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ DMG မှ သွားရောက်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန်ငြင်းဆန်ခဲ့သည်။

ဗီဒီယိုများ