ဖလောင်းပြင်ဆည်မှရေကို မင်းပြားမြို့သို့ မေလအတွင်းသွယ်ပေးနိုင်ရန် စီစဉ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် နွေရာသီရေအခက်အခဲကိုဖြေရှင်းရန်အတွက် ဖလောင်းပြင်ဆည်မှရေကို ရေတွန်းအားစက်ဖြင့် သယ်ယူပေးရန်စီစဉ်နေကြောင်း မင်းပြားမြို့ စည်ပင်သာယာရေးကော်မတီမှ သိရသည်။

05 Apr 2021

ဓါတ်ပုံ - မင်းပြားမြို့ရှိ ဂရင်ဂျိုင်ဆည်အား တွေ့ရစဉ်

DMG ၊ ဧပြီ ၅

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် နွေရာသီရေအခက်အခဲကိုဖြေရှင်းရန်အတွက် ဖလောင်းပြင်ဆည်မှရေကို ရေတွန်းအားစက်ဖြင့် သယ်ယူပေးရန်စီစဉ်နေကြောင်း မင်းပြားမြို့ စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဖလောင်းပြင်ဆည်မှရေကိုသယ်ယူနိုင်ရန် ရေတွန်းစက်မှာ မေလလဆန်းပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး မင်းပြားမြို့အတွင်းသို့ ရေဖြန့်ဝေနိုင်ရေးအတွက်စီစဉ်နေကြောင်း မင်းပြားမြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းခိုင်က ပြောသည်။

“သင်္ကြန်လွန်မှ ရေတွန်းစက်ရောက်မှာဆိုတော့ မင်းပြားမြို့ကိုလည်း မေလပိုင်းလောက်ဆိုရင် ရေပေးနိုင်အောင် ကြိုးစားပြီးလုပ်ဆောင်သွားမှာပါ။ အဲဒီစက်တစ်လုံးတည်းနဲ့ မင်းပြားမြို့တစ်ခုလုံးကို ရေပေးနိုင်အောင်အတွက် စီစဉ်ထားတယ်။ လောလောဆယ် နွေရာသီ ၃ လလောက်ကိုတော့ ဒီစက်တစ်လုံးတည်းနဲ့ဖြေရှင်းပေးသွား မှာပါ။ တွန်းစက်အမြန်ဆုံး မပျက်စီးဖို့အတွက်ဆိုရင်တော့ ရေတွန်းစက် ၂ လုံးလောက်လိုအပ်ပါတယ်” ဟု ဆိုသည်။

လက်ရှိ မင်းပြားမြို့ရေရရှိရေးအတွက် ဂရင်ဂျိုင်ဆည်မှရေကို ဖြန့်ဝေနေခြင်းဖြစ်ပြီး ဂရင်ဂျိုင်ဆည်မှာ မကြာမီ ရေခမ်းခြောက်တော့မည်ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့ ရေရရှိနိုင်ရန်အတွက် မြောင်းကြီးဆည်၊ ဖလောင်းပြင်ဆည်၊ ဂရင်ဂျိုင်ဆည် စသည့်ဆည်များ ရှိသော်လည်း ရေသယ်ယူရန်ရေပိုက်လိုင်းများ၊ ရေတွန်းအားစက်များမရှိသည့်အတွက် နှစ်စဉ် နွေရာသီ ရောက်တိုင်း ရေရှားပါးမှုနှင့်ရင်ဆိုင်နေရသည်။

ဖလောင်းပြင်ဆည်မှရေကို သယ်ယူပေးရန် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးစီစဉ်ပေးရန် လိုအပ်ကြောင်း မင်းပြားဒေသခံ ကိုနေငြိမ်းချမ်းကပြောသည်။

“ရေတွန်းစက်ရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ အရင်နှစ်ကလိုမျိုး ရေကိုဝယ်မသုံးရတော့ဘူးပေါ့နော်။ အခု ပေးနေတဲ့ဆည်မှာ ရေကဒီလတစ်ဝက်လောက်ဆိုရင် ကုန်တော့မှာပါ။ ဒါကြောင့် ဖလောင်းပြင်ဆည်က ရေအမြန်ဆုံးပေးနိုင်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။

မင်းပြားမြို့ပေါ်တွင် ရေကန် ၃၄ ကန်နှင့် ဆည်သုံးခုရှိပြီး မြောင်းကြီးဆည်တွင် ရေဂါလံ ၁၄၅ သန်း၊ ဖလောင်းပြင်ဆည်တွင် ရေဂါလံ ၆၇ သန်း၊ ဂရင်ဂျိုင်ဆည်တွင် ရေဂါလံသန်း ၂၀ ခန့် သိုလှောင်နိုင်ကြောင်း သိရသည်။

ဗီဒီယိုများ