ရခိုင်တွင် လက်ရှိအချိန်ထိ ဆေးဝါးပစ္စည်းများ လိုသလောက်မရနိုင်ဘဲ ခွဲတမ်းဖြင့်ရောင်းချနေရ

ရခိုင်ပြည်တွင် ကိုဗစ်ကာလအတွင်း လူသုံးများသည့်ဆေးဝါးများမှာ လက်ရှိအချိန်ထိ လိုသလောက်မရရှိနိုင်သေး၍ ခွဲတမ်းဖြင့်သာ ရောင်းချနေရကြောင်း ဆေးကုမ္ပဏီများထံမှ သိရသည်။

11 Aug 2021

Photo- Diamond Phamacy

DMG ၊ သြဂုတ် ၁၁

ရခိုင်ပြည်တွင် ကိုဗစ်ကာလအတွင်း လူသုံးများသည့်ဆေးဝါးများမှာ လက်ရှိအချိန်ထိ လိုသလောက်မရရှိနိုင်သေး၍ ခွဲတမ်းဖြင့်သာ ရောင်းချနေရကြောင်း ဆေးကုမ္ပဏီများထံမှ သိရသည်။

လူသုံးအများဆုံးဆေးဝါးများဖြစ်သည့် ဗီတာမင် C ၊ ဗီတာမင် D ၊ Paracetamol (ပါရာစီတာမော့)၊ Biogesic ၊Enervon-C စသည့်ဆေးဝါးများမှာ ပြည်မဖက်မှတင်သွင်းမှုနည်းနေသည့်အတွက် လိုသလောက်မရနိုင်ဘဲ မြို့နယ်အလိုက် ခွဲတမ်းဖြင့်သာရောင်းချနေရသည်ဟု ဧကရာဇ်အားမာန်ဆေးကုမ္ပဏီမှ Admin Manager ကိုထွန်းမင်းဦးက ပြောသည်။

“အဓိကတော့ ပြည်မဖက်က တင်သွင်းမှုနည်းရတာကလည်း နိုင်ငံခြားကုမ္ပဏီက တင်သွင်းတာနည်းလို့ သူတို့ဆီရောက်တဲ့ပစ္စည်းနည်းလို့ဖြစ်တယ်။ ပြည်မဖက်ကိုပစ္စည်းရောက်တာ နည်းတော့ ကျနော်တို့ဆီကိုလည်းခွဲတမ်းနဲ့ပဲပေးတယ်။ ကျနော်တို့ကလည်း ရခိုင်ကမြို့နယ်တွေကိုပြန်ဖြန့်ပေးတဲ့အခါ အကုန်လုံးအဆင်ပြေဖို့အတွက် ခွဲတမ်းနဲ့ပြန်ပေးရတယ်။ အရင်တုန်းကလို ပစ္စည်းတွေကို လိုသလောက်မရနိုင်သေးဘူးပေါ့ဗျာ“ ဟု ဆိုသည်။

ဆေးဝါးများကို ကုမ္ပဏီအနေဖြင့်ဈေးတင်ရောင်းချခြင်းမရှိပဲ သတ်မှတ်ဈေးအတိုင်းသာရောင်းချသော်လည်း ဈေးကွက်အတွင်း ပြတ်လပ်မှုအပေါ်မူတည်ပြီး ဆေးဆိုင်တချို့တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်နိုင်ခြေရှိကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိကိုဗစ်ကာလတွင် ပြည်မဘက်မှ ဆေးဝါးတင်သွင်းမှုနည်းခြင်းအပြင် ဆေးဝါးတင်ဆောင်လာသည့်ကားများကို စစ်ဆေးမေးမြန်းခြင်းများရှိနေသည့်အတွက် အချိန်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

အမည်မဖော်လိုသည့် စစ်တွေဒေသခံတစ်ဦးက “Biogesic ဆေးတွေဆိုရင် ပုံမှန်ဆို ၆၀၀ ကျပ်လောက်ပဲရှိတာ။ ကျနော်ဝယ်လာတာပိုက်ဆံ ၃၀၀၀ ပေးရတယ်။ တချို့ဆေးတွေဆိုရင် ဆိုင်တိုင်းမှာမရှိဘူး။ မြို့ကိုပတ်ပြီး ဆိုင်တိုင်းမှာသွားမေးပြီးဝယ်ရတယ်။ ရတဲ့အခါရတယ်၊ မရတဲ့အခါမရဘူး။ အခုဆိုရင် ကိုယ်ခံအားကောင်းဖို့သောက်တဲ့ ငှက်သိုက်ရည်တို့၊ ကြက်ပေါင်းရည်တို့ဆိုရင် တစ်မြို့လုံးပတ်ပြီးရှာရင်တောင်မရှိဘူး“ဟု ဆိုသည်။

ထို့ကြောင့် ရခိုင်သို့ ဆေးဝါးပစ္စည်းများသယ်ဆောင်လာသည့် ကုန်တင်ကားများကို သက်ဆိုင်ရာဌာနများမှ ပါမစ်ယူခြင်း၊ စစ်ဆေးမေးမြန်းခြင်းများကိုဖြေလျှော့ပြီး ဖြတ်သန်းသွားလာခွင့်ပြုရန်လည်း တောင်းဆိုမှုများရှိသည်။

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် ဆေးဝါးပစ္စည်းများနှင့် ကုန်ပစ္စည်းများပြတ်လပ်နေခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်နေခြင်းအားဖြေလျှော့နိုင်ရန် ကုန်တင်ကားများကို စစ်ဆေးမှုများဖြေလျှော့ပေးရန်အတွက် အစိုးရအဖွဲ့ကိုစာတင်အကြောင်းကြားထားကြောင်း ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောသည်။

“ဆေးဝါးတွေ တင်ဆောင်လာရတဲ့အခါ ကားသမားတွေအနေနဲ့ ပြည်နယ်အစိုးရဆီက ပါမစ်ယူရတယ်။ အဲဒီလိုမျိုး လုပ်ဆောင်ရတာဟာလည်း မြေပြင်မှာလုပ်ဆောင်နေတဲ့သူတွေအတွက် အခက်အခဲတွေနဲ့ကြုံတွေ့ရတယ်။ အစိုးရဆီက Permit နဲ့ ကားတွေပြေးဆွဲနေရတော့ တချို့ကားတွေဆိုရင် အရင်လိုမပြေးဆွဲကြတော့ဘူး။ အရင်က တစ်နေ့ ၄ စီးလောက်ထွက်တယ်ဆိုရင် အခုတစ်စီး၊ နှစ်စီးထွက်တဲ့ကုန်ကားတွေတောင် တော်တော်လည်းရှားသွားပြီ" ဟု ဆိုသည်။

"ဆေးဝါးတွေသယ်ရတဲ့အခါ ကုန်ကားပိုင်ရှင်တွေအနေနဲ့လည်း တာဝန်ကြီးတယ်ဆိုပြီးမတင်ချင်ကြဘူး။ ဒါကြောင့် ရခိုင်ကဆေးကုမ္ပဏီတွေ အခက်အခဲတွေနဲ့ကြုံတွေ့နေရတာပါ။ ကားတွေကိုစစ်ဆေးမှုတွေ ဖြေလျှော့ဖို့အတွက်လည်း ပြည်နယ်အစိုးရဆီကို စာတင်အကြောင်းကြားထားပါတယ်“ဟုလည်း ၎င်းကပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် ဆေးဝါးပစ္စည်းများအပြင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားတို့မှာလည်း ဈေးနှုန်းဆက်တိုက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ရာ၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးတင်မရောင်းချရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှုမရှိစေရေးနှင့် ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် Task Force ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သို့ One-Time Permit များ လျှောက်ထားရာတွင် လက်ခံဆောင်ရွက်ပေးခြင်း ၊သက်ဆိုင်ရာဌာနအသီးသီးနှင့် ချိတ်ဆက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ