မင်းပြားမြို့နယ် ဖုံသာချောင်းဒေသသို့ သွားလာခွင့်ပိတ်ပင်ထားဆဲ

ဒေသခံသုံးထောင်ကျော် သွားလာခွင့်ပိတ်ပင်ခံထားရသည်မှာ ယနေ့ဆိုပါက ရက်ပေါင်း ၁၈ ရက်အထိ ရှိလာပြီး အစားအသောက်နှင့် ဆေးဝါးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

By အောင်ထိန် 21 Aug 2019

 ပိတ်မိနေသူများကို အစိုးရကအနေဖြင့် ကူညီပေးနိုင်ခြင်းမရှိသေးဘဲ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း သွားလာခွင့်ပိတ်ပင်ထားသည်။ ဓာတ်ပုံ - Tinmyint Oo Facebook

အောင်ထိန် | DMG

သြဂုတ် ၂၁ ၊ စစ်တွေ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းဒေသသို့ ကယ်ဆယ်ရေးအဖွဲ့များကို သွားလာခွင့်မပြုသေးဘဲ ပိတ်ပင်ထားဆဲဖြစ်ကြောင်း မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

ဖုံသာချောင်းအနီးတစ်ဝိုက် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကျေးရွာ ၁၄ ရွာမှ ဒေသခံသုံးထောင်ကျော်မှာ သြဂုတ်လ ၄ ရက်နေ့မှစတင်ပြီး ဘေးလွတ်ရာသို့ထွက်ပြေးရာတွင် တပ်မတော်မှတားဆီးနေရပ်ပြန်ခိုင်းခဲ့ပြီး ယနေ့အထိ ဈေးဝယ်မည့်သူအနည်းကိုသာ သွားလာခွင့်ပေးထားသေးကြောင်း ဦးလှသိန်းအောင်ကဆိုသည်။

“မြို့မှာဈေးဝယ်ဖို့အတွက် တစ်ရွာကနှစ်ယောက်သုံးယောက်လောက်တော့ ခွင့်ပြုတယ်လို့ပြောတယ်။ ကျန်တဲ့ လူတွေက ဒီမြို့ပေါ်လာတဲ့သူတွေနဲ့ ဈေးမှာလို့လည်းမရဘူးလို့ပြောတယ်။ တပိုင်တနိုင်လောက်ပဲ သယ်ယူခွင့် ပြုတယ်လို့ပြောတယ်။ အလှူရှင်တွေကိုလည်း သွားလှူခွင့်မပြုဘူး ” ဟု ၎င်းကဆိုသည်။

ဒေသခံသုံးထောင်ကျော် သွားလာခွင့်ပိတ်ပင်ခံထားရသည်မှာ ယနေ့ဆိုပါက ရက်ပေါင်း ၁၈ ရက်အထိ ရှိလာပြီး အစားအသောက်နှင့် ဆေးဝါးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“အခုက ကျန်းမာရေးကိစ္စတွေမှာ ဒုက္ခရောက်တယ်၊ ကျောင်းမတက်ရတဲ့ ကလေးတွေဆိုရင် ကျောင်းမတက်ရဘူး။ ဆေးခန်းတော့ရှိတယ်၊ ဒါပေမဲ့ သူနာပြုဆရာမတွေလေ့ မရောက်နိုင်ဘူး။ ကျန်းမာရေးအခက်ခဲတွေရှိ တယ်” ဟု ကျောက်ဆုံကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မကြာမီရက်ပိုင်းကပြောဆိုသည်။

ယခုပိတ်မိနေသည့်ကျေးရွာမှာ စေတီရံ၊ ငတက်၊ ကျော်မော်၊ ဖုံသာ ပုလဲတောင်၊ အိုးပုံတောင်၊ ပြိုင်းချောင်း၊ ငန်းတက်၊ ခွဆုံ၊ နတ်မော်၊ မောင်ပုတ်ကေ၊ ညောင်ခြုံ၊ ကျောက်ဆုံ၊ စိတ္တရ၊ လက်ခုတ် စသည့်ကျေးရွာများ ပါဝင်သည်။

အဆိုပါပိတ်မိနေသည့်ဒေသခံများအား ကယ်ထုတ်နိုင်ရေး၊ အစားအသောက်များကူညီနိုင်ရေးအတွက် အစိုးရအားပြောဆိုခဲ့ရာတွင် ၎င်းဒေသမှ လူဦးရေစာရင်းများကောက်ယူနေသည်ဟု သိရှိရကြောင်း ဦးလှသိန်းအောင်က ပြောသည်။

“အစိုးရအနေနဲ့ အဲ့ဒီမှာရှိတဲ့လူဦးရေစာရင်းတွေကိုကောက်ယူပြီး ထောက်ပံပေးသင့်တယ်လို့ပြောတယ်။ အစိုးရက ကြိုးစားပေးမယ်လို့တော့ပြောတယ်။ အဲ့ဒီနေ့ကပဲ အစိုးရပြန်ကြားရေးဌာနက တာဝန်ရှိတဲ့သူ တစ်ယောက်တော့ အဲ့ဒီမှာပိတ်မိနေတဲ့ လူဦးရေစာရင်းကို ကောက်ယူနေပါတယ်ဆိုတဲ့ စကားတစ်ခွန်းကတော့ ကျွန်တော်ကို ဖုန်းနဲ့ Message ပို့တာတော့ရှိတယ် ” ဟု ၎င်းကဆိုသည်။

ဖုံသာချောင်းဒေသမှ ပိတ်မိနေသည့်သုံးထောင်ကျော်အတွက် အစိုးရအနေဖြင့်လည်း အကူအညီပေးနိုင်ခြင်း မရှိသေးဘဲ ကူညီရေးအဖွဲ့များကိုလည်း သွားလာခွင့်ပိတ်ပင်ခြင်းခံထားရသည်။

ဗီဒီယိုများ