မင်းပြားမြို့နယ်တွင် အရပ်သား ၄ ဦးအား တပ်မတော်က သံသယဖြင့်ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြိုင်းချာင်းကျေးရွာနှင့် ကျောက်မော်ကျေးရွာမှ အရပ်သား ၄ ဦးမှာ တပ်မတော်၏ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

By ဝင်းညွန့် 27 Nov 2019

ဝင်းညွန့် | DMG
နိုဝင်ဘာ ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြိုင်းချောင်းကျေးရွာနှင့် ကျောက်မော်ကျေးရွာမှ အရပ်သား ၄ ဦးမှာ တပ်မတော်၏ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ပြိုင်းချောင်းကျေးရွာမှ ကိုအောင်ကျော်ဝင်းနှင့် ကိုသိန်းထွန်းအေးတို့နှစ်ဦး နွားကျောင်းနေစဉ် တပ်မတော် ၃၇၃ တပ်ရင်းမှ မသင်္ကာ၍ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်စစ်ကြောင်း ထွက်လာတဲ့အခါ သူတို့နဲ့တွေ့လို မသင်္ကာဆိုပြီးဖမ်းသွားတယ်။ အဓိကတော့ သူတို့ကို အကာအကွယ်ယူတဲ့သဘောနဲ့ ဖမ်းသွားတာ။ အဲဒီနေ့ကတည်းက ဒီနေ့အထိမလွတ်သေးဘူး” ဟု အမည်မဖော်လိုသည့် ပြိုင်းချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

ထို့အတူ ကျောက်မော်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ကျောက်မော်ကျေးရွာမှ သားဖနှစ်ဦးဖြစ်သည့် ဦးကျော်မောင်စိန် (၆၁) နှစ်နှင့် သားဖြစ်သူ ကိုအောင်မြဝင်း (၃၅) နှစ်တို့ကို တပ်မတော်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။

“နွားကျောင်းဖို့သွားတဲ့အခါ လမ်းတစ်ပိုင်းမှာ မိုင်းကွဲတာကြားတော့ အိမ်ပြန်လာတယ်။ အိမ်ကိုရောက်တော့ ရွာကိုစစ်သားတွေ ရောက်နေတယ်။ သူ့ကိုခေါ်ပြီး ဖမ်းထားတယ်။ နောက်ပြီးတော့ သားတွေကို ခေါ်ပြီးတော့စစ်တယ်။ မိုင်းပေါက်ကွဲတဲ့နားမှာ သားဖြစ်သူအောင်မြဝင်းမှာ ကွမ်းခင်းရှိတယ်။ သူတို့ကို လယ်ကွင်းပိုင်ရှင်၊ ကွမ်းခင်းပိုင်ရှင်ဆိုပြီးတော့ မသင်္ကာလို့ဖမ်းတာ” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

တပ်မတော်က ဖမ်းဆီးထားသူများကို ပုလဲတောင်ကျေးရွာသို့ေ ခါ်ဆောင်သွားခဲ့ပြီး မိသားစုများနှင့် တွေ့ခွင့်မပေးသဖြင့် စိုးရိမ်နေကြသည်။

တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး က ၎င်းတို့အားဖမ်းဆီးသည့်သတင်းကို မသိသေးကြောင်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁ နှစ်ခန့်ကြာမြင့်လာပြီး တိုက်ပွဲကာလအတွင်း အရပ်သားများကို တပ်မတော်က သံသယဖြင့်ဖမ်းဆီးစစ်ဆေးမှုများမှာ တစ်နေ့ထက်တစ်နေ့ များပြားလာနေပြီး ရာနှင့်ချီသည့် အရပ်သားများမှာလည်း ဖမ်းဆီးတရားစွဲဆိုခံထားရသည်။

ရက္ခိုင့်တပ်တော်(AA) ဘက်ကလည်း စစ်ဖက်နှင့်သက်ဆိုင်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဖမ်းဆီးစစ်ဆေးမှုများရှိသည်။

တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားသေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၁၂၀ ကျော်အထိရှိကာ နေ့စဉ်ဖြစ်ပွားနေသည့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှုများ တိုးလာနေသည်။

ဗီဒီယိုများ