ရခိုင်တွင် လက်နက်ကိုင်ပြဿနာများဖြစ်ပေါ်ပါက မြန်မာစစ်တပ်အား အဆိုးမဆိုရန် စစ်ကောင်စီပြောခွင့်ရသူက AA ကို ခြိမ်းခြောက်စကားဆို

လတ်တလော ရက္ခိုင့်တပ်တော်(AA)၏ ပြောဆိုချက်များသည် တိုက်ပွဲခေါ်နေသည့်ပုံစံမျိုး ဖြစ်နေသည်ဟုဆိုကာ ရခိုင်ပြည်တွင် ပြဿနာများဖြစ်ပေါ်ပါက မြန်မာစစ်တပ်အား အဆိုးမဆိုရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားသည်။

19 May 2022

DMG ၊ မေ ၁၉

လတ်တလော ရက္ခိုင့်တပ်တော်(AA)၏ ပြောဆိုချက်များသည် တိုက်ပွဲခေါ်နေသည့်ပုံစံမျိုး ဖြစ်နေသည်ဟုဆိုကာ ရခိုင်ပြည်တွင် ပြဿနာများဖြစ်ပေါ်ပါက မြန်မာစစ်တပ်အား အဆိုးမဆိုရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားသည်။

ယနေ့(မေလ ၁၉ ရက်)တွင်ပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒီအချိန်မှာ ကျနော်တို့ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်တယ်။ ထပ်ပြောပါမယ်။ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်တယ်။ စိတ်ရှည်သည်းခံပြီး ပြည်ထောင်စုနဲ့ငြိမ်းချမ်းရေးအတွက် လုပ်နေတာဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတာနဲ့ပတ်သက်လို့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပြောချင်တယ်”ဟု ဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်၍ “နောက်ပိုင်းမှာ AA အနေနဲ့က သူတို့ပြောတဲ့စကားမှာ ဘာတွေဖြစ်လာလဲဆိုရင် တိုက်ပွဲကိုခေါ်နေတဲ့ပုံစံမျိုး၊ လက်နက်ကိုင်ပဋိပက္ခကို ခေါ်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတာကိုတွေ့ရတယ်။ တိုင်းစစ်ဌာနချုပ်လောက်ကိုပဲ ခြိမ်းခြောက်လာတာမျိုးတွေ့ရတယ်”ဟု ဆိုသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့ကြား ၂ နှစ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

တိုက်ပွဲရပ်တန့်နေသည့်ကာလအတွင်း ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည်အတွင်း တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ယခုနောက်ပိုင်းတွင် မြန်မာစစ်တပ်ဘက်မှလည်း ရခိုင်က ကျေးရွာများအတွင်းဝင်ရောက်ကာ ULA/AA နှင့်ဆက်စပ်သူများကို မေးမြန်းရှာဖွေခြင်းများ ပြုလုပ်လာနေသည်။

ယခုမေလ ၆ ရက်နေ့ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့၊ အာရုံနောက်တယ်။ ငြိမ်းချမ်းရေး ဘာညာသောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပစ်လိုက်မှာနော်”ဟု စိန်ခေါ်ချက်တစ်ခုကို ၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

မြန်မာစစ်တပ်နှင့် AA တို့၏ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သောကြောင့် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့် အနေအထားကိုတွေ့ရသည်ဟု AA က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ထိပ်ပိုင်းခေါင်းဆောင်များက ယခုမေလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ခေါင်းဆောင်များနှင့် Online မှတဆင့် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

လက်ရှိစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုမူ ULA/AA အနေဖြင့် မတက်ရောက်ကြောင်း သတင်းမီဒီယာများတွင် ပြောကြားထားသည်။

ဗီဒီယိုများ