KNU နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွား၊ တပ်မတော်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU ပြော

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တပ်မတော်တို့ ထိုင်ငံနယ်စပ် သီးမူထာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မှ ထုတ်ပြန်ထားသည်။

By DMG 27 Mar 2021

ဓါတ်ပုံ - https://www.newmandala.org/

DMG ၊ မတ် ၂၇

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တပ်မတော်တို့ ထိုင်ငံနယ်စပ် သီးမူထာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်ခံ ခမရ - ၃၄၉ တပ်စခန်းနှင့် ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNU အနေဖြင့် အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU ၏ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗဒိုမန်းမန်းက ပြောသည်။

“ ဖက်စစ်စနစ်ကို ဆက်လက်သုံးနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ မိမိတို့နယ်မြေတွင် တပ်စွဲထားတာနဲ့ ဒီနေ့လည်း ဖက်စစ်တပ်မတော်နေ့ အခမ်းအနားကျင်းပတာရယ်၊ ပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖမ်းနှိမ်နင်းတာရယ်ကြောင့် ခုခံကာကွယ်တဲ့အနေနဲ့ တိုက်ပွဲဖြစ်ပွားရတာပါ။ ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်သယ်အတည်ပြုချက်မရနိုင်ခဲ့ပေ။

KNU အနေဖြင့် တပ်မတော်မှ နိုင်ငံတော်အာဏာ ရယူမှုကို ဆန့်ကျင်ကြောင်း၊ မိမိတို့နယ်မြေတွင် အခြားအုပ်ချုပ်ရေးယန္တရားကို လက်ခံမည်မဟုတ်ကြောင်း၊ ကော်သူးလေအုပ်ချုပ်ရေးယန္တရားဖြင့်သာ မိမိတို့နယ်မြေကို အုပ်ချုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ခြင်းနှင့် CRPH ကိုလည်း ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း ဗဒိုမန်းမန်းက ပြောသည်။

“ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်က ရပ်တန့်ဖို့ လိုတယ်။ ကော်သူးလေနယ်မြေမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်းတွေကို ပြန်လည်ဆုတ်ခွာပေးဖို့ လိုပါတယ်။ စစ်ကောင်စီဘက်က ဆုတ်ခွာမယ်ဆိုရင် ကျနော်တို့ ဘာမှ မလုပ်ဘဲနဲ့ အေးအေးဆေးဆေးပဲ ဆုတ်ခွာခွင့် ပေးမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အာဏာကို ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားသည့် အစိုးရကို ပြန်လည်လွှဲအပ်ပေးရန် KNU က တောင်းဆိုကြောင်း တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗဒိုမန်းမန်းက ပြောသည်။

ယင်းအပြင် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) အနေဖြင့် ပြည်သူလူထုကို ကာကွယ်ပေးခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တပ်မတော်အပေါ် ခုခံတုံ့ပြန်မှုအား အရှိန်အဟုန်ဖြင့် ပိုမိုလှုပ်ရှားဆောင်ရွက်သွားမည်ဟု ပြည်သူလူထုအား အသိပေးထားသည်။

ဗီဒီယိုများ