ရခိုင်ကမြို့နယ်အချို့တွင် လုံခြုံရေးစိုးရိမ်ရကြောင်း တပ်မတော်က UEC သို့ အကြံပြုထား

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့၌ လုံခြုံရေးအခြေအနေစိုးရိမ်ရကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ အကြံပြုထားကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။

04 Sep 2020

ခင်သရဖီဦး | DMG
စက်တင်ဘာ ၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့၌ လုံခြုံရေးအခြေအနေစိုးရိမ်ရကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ အကြံပြုထားကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဝဒေသမှာရှိတဲ့ ငါးမြို့နယ်ရယ်။ ရခိုင်က တစ်ချို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံခြုံရေးအရ စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ကျနော်တို့ပြောထားတာရှိတယ်။ ဒါတွေကလည်း လက်ရှိ လုံခြုံရေးအနေအထားအရ ဖြစ်ပျက်နေလို့ပဲဖြစ်တယ်။ ရွေးကောက်ပွဲ နီးတဲ့အချိန်မှာလည်း ပြောင်းလဲသွားတဲ့ အနေအထားအရ လုံခြုံရေးပိုင်းဆိုင်ရာပဲ ကျနော်တို့အကြုံပြုဖို့ ရှိကောင်းရှိနိုင်လိမ့်မယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

ယင်းသို့အကြံပြုရခြင်းမှာ လုံခြုံရေးအရပြောဆိုရခြင်းဖြစ်ပြီး ရွေးကောက်ပွဲလုပ်သင့်၊ မလုပ်သင့်ကို တပ်မတော်က အဆုံးအဖြတ်ပေးနိုင်ခြင်း မရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။

“တပ်မတော်က ရွေးကောက်ပွဲ လုပ်သင့်၊ မလုပ်သင့် အဆုံးအဖြတ်ပေးရမယ့် အာဏာပိုင်အဖွဲ့အစည်းမဟုတ်ဘူး။ တပ်မတော်အနေနဲ့ တစ်ခုပဲရှိတယ်။ ဒီဥစ္စာသည် လွတ်လပ်တဲ့ကော်မရှင်တခုဖြစ်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကပဲ ဒီကိစ္စကိုဆုံးဖြတ်မှာဖြစ်တယ်။ အခြေခံဥပဒေထဲမှာရော သူတို့ပြဋ္ဌာန်ထားတဲ့ ကော်မရှင်ရဲ့ဥပဒေမှာရော၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေမှာရော ကော်မရှင်ကို လုပ်ပိုင်ခွင့်ပေးပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ တစ်ခုပဲ ရှိတယ်။ ဘာလဲဆိုတော့ လုံခြုံရေးဆိုင်ရာနဲ့ပတ်သတ်ပြီး အကြံပြုနိုင်တာပဲရှိမယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များရှိနေကြောင်းကို စက်တင်ဘာလ ၂ ရက် နေ့ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ပြီးဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မြင့်မားလျက်ရှိသော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်လက်ရှိနေသေးသည်။

ဗီဒီယိုများ