မြောက်ဦးမြို့တွင် စစ်ဆေးရေးတင်းကျပ်၊ မြန်မာစစ်တပ်က ကျောင်းသားများပါ ဖမ်းဆီးနေဟု သတင်းထွက်ပေါ်

မြောက်ဦးမြို့ပေါ်ရှိ အလယ်ဈေးရပ်ကွက်နှင့် ကျောက်ရာဇ်ကေရပ်ကွက်တို့တွင် မြန်မာစစ်တပ်က ကျောင်းသားများအပါအဝင် လမ်းသွားလမ်းလာများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

22 Jun 2022

DMG ၊ ဇွန် ၂၂

မြောက်ဦးမြို့ပေါ်ရှိ အလယ်ဈေးရပ်ကွက်နှင့် ကျောက်ရာဇ်ကေရပ်ကွက်တို့တွင် မြန်မာစစ်တပ်က ကျောင်းသားများအပါအဝင် လမ်းသွားလမ်းလာများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

“ အလယ်ဈေးရပ်ကွက်က လမ်းဆုံနဲ့ ကျောက်ရာဇ်-မြင်းခုန်တန်းရပ်ကွက်အဆက် မင်းသားကျွန်းတံတိုင်းအနီးမှာ မြန်မာစစ်သားတွေ အများအပြားက လမ်းသွားလမ်းလာတွေကို စစ်ဆေးမှု တင်းကျပ်နေပါတယ်။ ကျောင်းသားတွေကိုလည်း စစ်ဆေးတယ်။ ကျနော့် အသိတစ်ယောက် ပြောပြတာက ဒီမနက် ကျောင်းသား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ပြောတယ် ” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မနေ့ည ဇွန်လ ၂၁ ရက်က ရွှေဂူတောင်ရပ်ကွက်အတွင်း သွားလာနေသော မြန်မာစစ်တပ်၏ ထောက်လှမ်းရေး စ.ရ.ဖ သုံးဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ယင်းကြောင့် မြန်မာစစ်တပ်က မနေ့ညကနေ မြောက်ဦးမြို့အတွင်း တပ်သား ၆၀ ခန့်ပါ စစ်ကား ၄ စီးဖြင့် လှည့်လည်ကာ စုံစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ဆေးရေး တင်းကျပ်နေခြင်းဟု ယူဆကြောင်း အဆိုပါ ဒေသခံက ပြောသည်။

မနေ့ညက စုံစမ်းရှာဖွေဖမ်းဆီးမှုမှာ ညောပင်ဈေးရပ်ကွက်ရှိ မြဝါတောင်ဘုရားအောက်တွင် ထမင်းဆိုင်တစ်ဆိုင်က မိသားစုဝင် ၃ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း ယင်းအနီးအနားမှ မျက်မြင်သက်သေတစ်ဦးက ပြောပြသည်။

မြန်မာစစ်တပ်၏ ထောက်လှမ်းရေးအဖွဲ့ဝင် စ.ရ.ဖ သုံးဦးကို ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးသွားသည်ကို DMG အနေဖြင့် အတည်မပြုနိုင်သေးပေ။ အတည်ပြုနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG မှ ဆက်သွယ်နေဆဲ ဖြစ်သည်။

ကျောက်ရာဇ်ကေ-မြင်းခုန်တန်းလမ်းဆုံ မင်းသားကျွန်းတံတိုင်းအနီး မြန်မာစစ်တပ်မှ စစ်ဆေးရေးဂိတ်ပြုလုပ်ထားပြီး ယင်းဂိတ်တွင် ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျောင်းသားများအပါအဝင် လမ်းသွားလမ်းလာများ စစ်ဆေးနေရာ လူစုစုပေါင်း ၄၀ ခန့်ရှိကြောင်း၊ ၎င်းတို့ကို စုပုံထိုင်ခိုင်းထားပြီး လက်ရှိတွင် ပြန်လည်လွှတ်ပေးခြင်းရှိမရှိကို DMG မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြန်မာစစ်တပ်မှ အပြစ်မဲ့ပြည်သူများကို စုံစမ်းဆေးမှုများနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်မှာ မလုပ်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် ပြည်သူ့များအဖို့ အမုန်းပွားစရာဖြစ်ကြောင်း မြို့ခံများက ဝေဖန်နေကြသည်။

ရခိုင့်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ဦးဖေသန်းက မြန်မာစစ်တပ် အနေဖြင့် အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချခြင်းများကို ပြုလုပ်နေခြင်းသည် မဖြစ်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့်

လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားကြသည့် ပြဿနာကို လက်နက်ကိုင်အချင်းချင်းပဲ ဖြေရှင်းသင့်ကြောင်း ယမန်နေ့က မီဒီယာတစ်ခုတွင် ပြောကြားထားသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့က ပြည်သူ ၃၀ ခန့်နှင့် မနေ့က ကျောက်တော်မြို့မှ တက်ကြွလှုပ်သူ လူထုဇော်ဝင်း (ခေါ်) ကိုဇော်ဝင်းအပါအဝင် ဒေသခံပြည်သူ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း DMG ၏ စုံစမ်းမှုအရ သိရသည်။

မြောက်ဦးမြို့တွင်လည်း ယနေ့ မြန်မာစစ်တပ်၏ ပိုက်စိပ်တိုက် စုံစမ်းရှာဖွေဖမ်းဆီးနေခြင်းကြောင့် လှုမှုရေးတက်ကြွလှုပ်ရှားသူများအနေဖြင့် မြို့နှင့်ဝေးရာသို့ တိမ်းရှောင်နေကြရကြောင်း တိမ်းရှောင်နေသူ တစ်ဦးက DMG ကို ပြောပြသည်။

ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း ဇန်နဝါရီလကနေ လက်ရှိ ဇွန်လ ၂၂ ရက်အထိ ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်မှ ဖမ်းဆီးသွားသည့် ဒေသခံပြည်သူအရေအတွက်မှာ DMG ၏ အချက်အလက်အရ ၁၀၀ ဦးခန့်ရှိနေပြီဖြစ်သည်။

ဗီဒီယိုများ