မင်းပြားမြို့နယ်၊ နရမ်းကျေးရွာမှ ဒေသခံတစ်ဦးကို မြန်မာစစ်တပ်က ရှာဖွေနေ

မင်းပြားမြို့နယ်၊ နရမ်းကျေးရွာမှဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားပြီးနောက် နောက်ထပ်ဒေသခံတစ်ဦးကိုလည်း အပူတပြင်း ရှာဖွေမှုပြုလုပ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

24 Sep 2022

DMG ၊ စက်တင်ဘာ ၂၄

မင်းပြားမြို့နယ်၊ နရမ်းကျေးရွာမှဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားပြီးနောက် နောက်ထပ်ဒေသခံတစ်ဦးကိုလည်း အပူတပြင်း ရှာဖွေမှုပြုလုပ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က နရမ်းကျေးရွာမှ ကားဝပ်ရှော့ပိုင်ရှင် ကိုအောင်ဇော်ဝင်းနှင့် တပည့်ဖြစ်သူ ကိုညီညီဝင်းတို့သည် ကားစမ်းသပ်မောင်းနှင်နေစဉ် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။ ယင်းကားမှာ ကိုစိုးဝင်း ပိုင်သည့်ကားဖြစ်ပြီး ပြုပြင်ရန်အတွက် ဝပ်ရှော့ဆိုင်ကိုအပ်ထားခြင်းဖြစ်သည်။

ထို့နောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကားပိုင်ရှင်အားစုံစမ်းကာ နေအိမ်သို့လာရောက်ရှာဖွေခဲ့သည်ဟု ကားပိုင်ရှင် ကိုစိုးဝင်းကပြောသည်။

"ကျနော်က ခရီးသွားနေတာဆိုတော့ မှတ်ပုံတင်ကို ကားထဲမှာအမြဲဆောင်ထားရတယ်။ အဲဒီနေ့ကလည်း ကားက သိပ်အများကြီးပြင်စရာမလိုတော့ ခဏနေရင်ပြီးမှာပါဆိုပြီး မှတ်ပုံတင်တွေကိုပါ အထဲမှာထည့်ထားခဲ့တာ။ အခု စစ်သားတွေယူသွားတဲ့ကားထဲမှာ မှတ်ပုံတင်ပါသွားလို့ ကျနော့်ဖက်ကိုလှည့်လာတာ။ စိုးဝင်းအိမ် ဘယ်အိမ်လဲဆိုပြီး လိုက်ရှာနေတာတဲ့။ အိမ်တွေ့တာနဲ့ အကုန်လုံးဝင်မွှေသွားတယ်"ဟု ၎င်းကပြောသည်။

ယင်းကြောင့် ကိုစိုးဝင်းနှင့်အတူ မိသားစုဝင်များအားလုံးမှာ ရွာ၌မနေရဲဘဲ တိမ်းရှောင်နေရပြီး ကားကိုအကြောင်းပြုကာ ဖမ်းဆီးမည်ကိုစိုးရိမ်ကြောင်းလည်း ကိုစိုဝင်းကဆက်ပြောသည်။

"တစ်အိမ်လုံးကို ရစရာမရှိအောင်မွှေသွားတာ။ ငွေသုံးလေးသောင်းလည်းပါသွားတယ်။ ကျနော့်သမီးနေမကောင်းလို့ မြောက်ဦးမှာ ဆေးခန်းသွားပြတုန်းက ပေးလိုက်တဲ့ဆေးကဒ်တွေကိုလည်း အကုန်တက်နင်းသွားတယ်။ အခုကျနော့်သမီးလေး ဆေးမသောက်ရဘဲ တိမ်းရှောင်နေရတယ်။ စစချင်း လာရှာတုန်းကဆိုရင် ကျနော့်အိမ်နဲ့မှားပြီး အိမ်သုံးလေးဆောင် တက်ရှာသွားသေးတယ်တဲ့။ ကျနော်ကတော့ သူတို့အဖမ်းခံရတဲ့သတင်းကြားကတည်းက ကျနော့်ဆီလှည့်လာမယ်ဆိုတာသိလို့ ရှောင်တိမ်းနေလိုက်တာ အရမ်းကံကောင်းသွားတယ်"ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ နရမ်းဒေသခံနှစ်ဦးနှင့် ကားကို မင်းပြားမြို့အခြေစိုက် တပ်ရင်းသို့ ယူဆောင်သွားပြီဟုသိရသော်လည်း မည်သည့်တပ်ရင်း၌ရှိနေသည်ကို အတိအကျမသိရသေးဟု နရမ်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းလှမောင်ကပြောသည်။

"သူတို့ကို ၃၇၉ မှာ ဖမ်းထားတာလား၊ ၅၄၁ တပ်ရင်းမှာ ဖမ်းထားတာလားတော့ မသိဘူး။ ကျနော်တို့ သွားပြီးစုံစမ်းပြောဆိုဖို့ကလည်း လောလောဆယ် အဆင်ပြေမယ်မထင်ဘူး။ ကိုစိုးဝင်းကလည်း သူနဲ့ဘာမှမဆိုင်ကြောင်းကို ထောက်ခံချက်နဲ့တကွကားကိုပြန်ထုတ်ပေးဖို့အတွက် အကူအညီတောင်းထားတာတော့ရှိတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက ကျနော်တစ်ယောက်တည်းစိတ်နဲ့ လုပ်လို့ရတဲ့ကိစ္စမဟုတ်တော့ အထက်လူကြီးတွေနဲ့တိုင်ပင်ပြီးမှပဲ ဘာလုပ်သင့်တယ်ဆိုတာသိရမယ်"ဟု ၎င်းကပြောသည်။

မင်းပြားမြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့၊ ညဉ့် ၁ နာရီအချိန်ကလည်း မြန်မာစစ်တပ်က ဒေသခံနှစ်ဦးကို နေအိမ်အတွင်းမှဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး ယခုအချိန်ထိ သတင်းအစအနမရရှိသေးပေ။

ဗီဒီယိုများ