မင်းပြားနယ်တွင် မွတ်ဆလင်တစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်စွာဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဟာလပိုင်ကျေးရွာမှ မွတ်ဆလင်လူငယ်တစ်ဦးသည် ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

By အောင်ထိန် 20 Nov 2020

အောင်ထိန်၊ DMG
နိုဝင်ဘာ ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဟာလပိုင်ကျေးရွာမှ မွတ်ဆလင်လူငယ်တစ်ဦးသည် ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ မောင်ကျော်လာခါး(၁၉)နှစ်ဖြစ်ပြီး ၎င်းမှာ မြောက်ဦး-မင်းပြား လမ်းဆုံနှင့် တစ်ဖာလုံခန့်ဝေးသောနေရာတွင်ရှိသည့် ကွမ်းသီးခင်းတွင် ကွင်းသီးကောက်နေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူအား ကူညီဆောင်ရွက်ပေးခဲ့သည့် လောင်မီးကျေးရွာမှ ဦးရွှေလှဖြူက ပြောသည်။

“သူက အဲဒီဥယာဉ်ထဲမှာ အငှားလုပ်နေတာ၊ ဟိုသွားဒီသွား ကွမ်းသီးလိုက်ကောက်နေတဲ့အချိန် နင်းမိသွားတာ၊ ညာဖက်ခြေဖနှောင့် ပြတ်ထွက်သွားတယ်။ ဘယ်ဘက်ခြေသလုံးလည်း ကြွေမွသွာတယ်။ ဒဏ်ရာကတော့ စိုးရိမ်ရတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူသည် မြောက်ဦးမြို့နယ်ရှိ၊ မြောင်းဘွေတိုက်နယ်ဆေးရုံ၌ ဆေးကုသခံယူလျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။

ယခု မိုင်းနင်းမိခဲ့သော ကွမ်းသီးခင်းအတွင်း၌ ပြီးခဲ့သည့် တစ်ပတ်ကျော်ခန့်က တပ်မတော်စစ်ကြောင်း တစ်ခုက ဝင်ရောက်ကာ နှစ်ရက်မျှ ယာယီနေထိုင်ခဲ့ကြောင်း၊ အဆို ပါမိုင်းမှာလည်း တပ်မတော်မှ ထောင်းထားခဲ့သည့်မိုင်း ဖြစ်နိုင်ကြောင်း ဒေသခံများစွပ်စွဲကြသည်။

ယင်းသို့ မိုင်းနင်းမိဖြစ်စဉ်များရှိသဖြင့် အနီးအနားရှိကျေးရွာများမှ ဒေသခံများမှ တောတောင်အနီးအနားသို့ သွားရန်အတွက် စိုးရိမ်မှုများ ရှိနေကြသည်။

အဆိုပါမြို့နယ် စမ်းဘလေကျေးရွာတွင် အောက်တိုဘာလအတွင်းက လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် မွတ်ဆလင်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ပြီး ဧပြီလအတွင်းကလည်း

လက်နက်ကြီး၊လက်နက်ငယ် ကျည်ထိမှန်၍ မွတ်ဆလင်တစ်ဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ဇွန်လမှ ယခုနိုဝင်ဘာလ ၂၀ ရက်နေ့အထိ မိုင်းထိမှန်မှု၊ လက်နက်ကြီး၊လက်နက် ငယ်ထိမှန်မှုတို့ကြောင့် အရပ်သားသေဆုံး ၅၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၆၁ ဦးအထိရှိသည်။

ဗီဒီယိုများ