ငပလီတွင် နေအိမ်တစ်လုံး မီးလောင်ပြီး အိမ်ပိုင်ရှင်၏ သမီးတစ်ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ ငပလီမြို့ မြပြင်ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အိမ်ပိုင်ရှင်၏ သမီးတစ်ဦးမှာလည်း ပျောက်ဆုံးလျက်ရှိနေကြောင်း သတင်းရရှိသည်။

By မျိုးမြင့်ဇော် 21 May 2020

ဓာတ်ပုံ - ဦးညီလေး

မျိုးမြင့်ဇော် | DMG
မေ ၂၁ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ ငပလီမြို့ မြပြင်ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အိမ်ပိုင်ရှင်၏ သမီးတစ်ဦးမှာလည်း ပျောက်ဆုံးလျက်ရှိနေကြောင်း သတင်းရရှိသည်။

ယနေ့(မေလ ၂၁ ရက်) နံနက် ၃ နာရီခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် ရပ်ရွာလူထုမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် အခြားနေအိမ်များသို့ မကူးစက်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်ခင်ပုံ၏ သမီးဖြစ်သူ မပေါက် အသက် ၄၀ အရွယ်မှာ မီးလောင်မှုဖြစ်စဉ်အတွင်း ပျောက်ဆုံးလျက်ရှိနေကြောင်းလည်း သိရသည်။

အဆိုပါနေအိမ် မီးလောင်ကျွမ်းမှုမှာ မီးကြွင်းမီးကျန်မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံးနေသည့် မပေါက်အား မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ရှာဖွေရေးလုပ်ဆောင်နေသဖြင့် တွေ့ရှိပါက အကြောင်း ကြားပေးမည်ဟု ဂျိတ္တောနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြဝင်းက DMG ကို ပြောသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ပိုင်ရှင်အား ဂျိတ္တောနယ်မြေရဲစခန်းတွင် (ပ)၁၃၂/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

ဗီဒီယိုများ