- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်
ရခိုင်ပြည်၊ သံတွဲမြို့နယ် ကွေ့ချောင်းရွာနှင့် ရေစင်ရွာကြားတွင် ယနေ့နံနက် ၅ နာရီခန့်က စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
13 Apr 2024

DMG ၊ ဧပြီ ၁၃
ရခိုင်ပြည်၊ သံတွဲမြို့နယ် ကွေ့ချောင်းရွာနှင့် ရေစင်ရွာကြားတွင် ယနေ့နံနက် ၅ နာရီခန့်က စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ထိတွေ့တိုက်ပွဲဖြစ်တာက အတည်ပြုလို့ရပါတယ်။ ရွာနှစ်ရွာကြားမှာဖြစ်တာပါ။ မနက် ၆ နာရီကျော်အချိန်ထိ လက်နက်ငယ်သံတွေအပြင် စစ်သင်္ဘောတွေကနေ လက်နက်ကြီးပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်” ဟု သံတွဲ ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော် စစ်ကြောင်းထိုးနေထိုင်လျက်ရှိသည်။ အဆိုပါစစ်ကြောင်းနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောကြသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသည် သံတွဲ - တောင်ကုတ် ကားလမ်းမအနီးတွင်ဖြစ်ပြီး သံတွဲမြို့နှင့် ၈ မိုင်ခန့် ကွာဝေးသည်။ လက်ရှိတွင် ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြောင်း ဒေသခံများက ပြောသည်။
“ဒီကားလမ်းက တောင်ကုတ်ကလူတွေရော၊ သံတွဲကလူတွေရော ပုံမှန်အသွားအလာလုပ်ကြတဲ့ လမ်းဖြစ်ပါတယ်။ အခုတော့ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး ဘယ်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ သိရတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများ မရှိသေးသော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေ၍ ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေရသည်။
ဧပြီလ ၉ ရက်က သံတွဲမြို့နယ်ရှိ ငန်းကျွန်း၊ ကျောက်ဆိပ်၊ တောင်ညိုကျေးရွာများ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီ စစ်သင်္ဘောများက လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် မတ်လကလည်း သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက နားပင်းမ၊ ဟုန်းပေါက်နှင့် ခမောင်းတုန်း ကျေးရွာအနီးများကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။