ရေနစ်မြုပ်ခဲ့သည့် သံတွဲအောက်ဆီဂျင်စက်ရုံကို ယခုရက်ပိုင်းအတွင်း စတင်လည်ပတ်နိုင်တော့မည်ဟုဆို

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် အောက်ဆီဂျင်စက်ရုံကို ယခုရက်ပိုင်းအတွင်း စတင်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ဦးဆောင်နေသူတစ်ဦးဖြစ်သည့် သိမ်ကုန်းဆရာတော် အရှင်တေဇိန္ဒက DMG သို့ မိန့်သည်။

04 Aug 2021

DMG | သြဂုတ် ၄

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် အောက်ဆီဂျင်စက်ရုံကို ယခုရက်ပိုင်းအတွင်း စတင်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ဦးဆောင်နေသူတစ်ဦးဖြစ်သည့် သိမ်ကုန်းဆရာတော် အရှင်တေဇိန္ဒက DMG သို့ မိန့်သည်။

စက်ရုံ၏ ၂၅ ရာခိုင်နှုန်းခန့်ကို ရေ ၃ ပေခန့် ဝင်ရောက်ခဲ့သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံတာဝန်ရှိသူများနှင့် အရပ်ဖက်ပရဟိတအဖွဲ့အစည်းများပူးပေါင်းကာ စက်ရုံပြန်လည် ပတ်နိုင်ရေး အတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ကိုလည်း ဆရာတော်က မိန့်သည်။

“စက်တွေကျတော့ နှစ်နှစ်ဂရမ်နဲ့ဖြစ်တာကြောင့် ကုမ္ပဏီကလူတွေပြန်လာတပ်ပေးတယ်။ အခုလည်း တပ်နေတယ်။ ဒီနေ့ပြီးရင် ဒီနေ့စက်တွေကို စစမ်းမယ်။ ဒီနေ့တပ်တာမပြီးရင်တော့ မနက်ဖြန်သေချာပေါက်ပြီးမှာပါ။ ပြီးတာနဲ့ စက်စမ်းမယ်ဆိုတော့ ဒီရက်ပိုင်းမှာ စက်ရုံကပြန်လည်နိုင်တော့မှာပါ” ဟု အရှင်တေဇိန္ဒကမိန့်သည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံကို ဇူလိုင် ၂၅ ရက်နေ့က စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် အောက်ဆီဂျင်အလုံးရေ ၈၀ ခန့်ထုတ်လုပ်နိုင်ကြောင်းနှင့် ယခုပြန်လည်ပတ်နိုင်ပါက သံတွဲမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်များအတွက် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဆရာတော်က ပြောသည်။

ယခုကဲ့သို့ သံတွဲမြို့မှ အောက်ဆီဂျင်စက်ရုံလည်ပတ်နိုင်မည်ဆိုပါက အောက်ဆီဂျင်လိုအပ်ချက် မြင့်မားနေသည့် ဂွမြို့နယ်အတွက်လည်း များစွာအထောက်အကူဖြစ်မည်ဟု အောက်ဆီဂျင် သယ်ယူပို့ဆောင်ပေးနေသည့် ဂွမြို့နယ် နာရေးကူညီမှုအသင်းမှ ကိုဉာဏ်ထွန်းမင်းကပြောသည်။

“အခုဂွမြို့နယ်မှာ အောက်ဆီဂျင်လိုအပ်ချက်တွေက မြင့်နေတယ်။ ဒါပေမယ့် အောက်ဆီဂျင်က ဆေးရုံမှာပဲရနိုင်တယ်။ နောက်ပြီး ဒီအောက်ဆီဂျင်တွေက ခရိုင်ကချပေးတဲ့ခွဲတမ်းလောက်ပဲရတာ” ဟု ၎င်းကရှင်းပြသည်။

လက်ရှိရခိုင်ပြည်နယ်တွင် အောက်ဆီဂျင်အလုံးရေ ၁၅၀ ခန့်သာ ထုတ်လုပ်နိုင်သေးသောကြောင့် လုံလောက်မှုမရှိသည့်အတွက် ပြည်မကိုသာ အားကိုးနေရကြောင်း ရခိုင်ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇူလိုင် ၃၁ ရက်နေ့က မီဒီများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ကြောင့် ကောင်စီအနေဖြင့် ရေဝင်ရောက်ခဲ့သည့် သံတွဲအောက်ဆီဂျင်စက်ရုံအား အမြန်ဆုံး လည်ပတ်နိုင်ရန်ကြိုးပမ်းနေကြောင်းလည်း ၎င်းကပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့က သံတွဲတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် အိမ်ထာင်စု ၇၀၀ ကျော်(လူဦးရေ ၃၀၀၀ ကျော်ခန့်)မှာ ရေဘေးဒဏ်ခံစားခဲ့ရကြောင်း ပြည်နယ်ကောင်စီ၏ စာရင်းများအရသိရသည်။

ဗီဒီယိုများ