သံတွဲက စစ်ကောင်စီ အောက်ဆီဂျင်စက်ရုံ မနက်ဖြန် လည်ပတ်မည်

သံတွဲမြို့နယ်ပြည်သူ့ဆေးရုံတွင် တည်ဆောက်ထားသော စစ်ကောင်စီ အောင်ဆီဂျင်စက်ရုံ မနက်ဖြန် ဇူလိုင်လ ၂၄ ရက်နေ့တွင် အောက်ဆီဂျင်စတင် ထုတ်လုပ်လည်ပတ်မည်ဟု သိရသည်။

23 Jul 2021

DMG ၊ ဇူလိုင် ၂၃

သံတွဲမြို့နယ်ပြည်သူ့ဆေးရုံတွင် တည်ဆောက်ထားသော စစ်ကောင်စီ အောင်ဆီဂျင်စက်ရုံ မနက်ဖြန် ဇူလိုင်လ ၂၄ ရက်နေ့တွင် အောက်ဆီဂျင်စတင် ထုတ်လုပ်လည်ပတ်မည်ဟု သိရသည်။

ယင်းအောင်ဆီဂျင်စက်ရုံမှ တစ်နေ့ကို အောက်ဆီဂျင် အလုံး ၈၀ ထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သံတွဲမြို့ကိုဗစ်ကာကွယ်ရေးအတွက် အကူအညီပေးနေသည့် ဆရာတော် ဦးတေဇိန္ဒက မိန့်ကြားသည်။

" ဟုတ်ပါတယ်။ သံတွဲက အောက်ဆီဂျင်ထုတ်စက်ရုံ မနက်ဖြန်စပြီး လည်မှာဖြစ်တယ်။ တစ်နေ့ကို အလုံးရေ ၈၀ လောက်ထုတ်နိုင်မှာဖြစ်တယ်။ အခု စက်က ဆရာတော်တို့ ဦးဆောင်ပြီးတည်ဆောက်ထားတဲ့ စက်မဟုတ်ဘူး။ စစ်ကောင်စီက လှူဒါန်းပေးထားတဲ့ စက်ဖြစ်တယ်" ဟု မိန့်ကြားသည်။

သံတွဲမြို့နယ်ပြည်သူ့ဆေးရုံအတွင်း တစ်နေ့ အောက်ဆီဂျင်သုံးနှုန်း အလုံးရေ ၅၀ ထိရှိနေပြီး ယခုလက်ရှိ ထုတ်လုပ်မည့် စက်ရုံမှာ သံတွဲခရိုင်တစ်ခုလုံးအနေဖြင့် လုံလောက်မှု ရှိနိုင်မည်မဟုတ်ကြောင်း ဆရာတော်၏ ထင်မြင်ချက် မိန့်ကြားခဲ့သည်။

သံတွဲမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံကို လာမည့် သြဂုတ်လမှသာ စတင်တည်ဆောက်ရမည်ဖြစ်ကြောင်း ဦးဆောင်တည်ဆောက်ရေးတွင်ပါဝင်သည့် ဆရာတော် ဦးတေဇိန္ဒက မိန့်သည်။

"ဆရာတော်တို့ ဆောက်မဲ့ အောက်ဆီဂျင်စက်ရုံက လာမည့်လမှာမှ တည်ဆောက်ရမှာဖြစ်တယ်။ ဆရာတော်တို့ အနေနဲ့ကတော့ တည်ဆောက်ဖို့အတွက် ပြည့်စုံသလောက်ရှိနေပြီဖြစ်တယ်" ဟု မိန့်ကြားသည်။

ပုဂ္ဂလိကများမှ တည်ဆောက်ကြမည့် မြို့နယ်အလိုက် အောက်ဆီဂျင်စက်ရုံများကို စစ်ကောင်စီမှ ထိန်းချုပ်မည်ဟု နားလည်မှုလွဲခြင်းကို ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ရခိုင်ပြည်နယ်စစ်ကောင်စီ အစည်းအဝေးတွင် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများကို မထိန်းချုပ်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း ယခုလက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလိုင်းတွင် ကိုဗစ်ကူးစက်လူနာ များပြားလာသလို သေဆုံးသူလည်း အများအပြားရှိလာနေပြီး မြို့နယ်အချို့တွင် အောက်ဆီဂျင်လိုအပ်မှုဖြင့် ကြုံတွေ့နေရသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ဇူလိုင်လ ၂၂ ရက်နေ့စာရင်းအရ ယခု ကိုဗစ်တတိယလိုင်းတွင် ၁၉၂၈ ဦးရှိကြောင်း၊ သေဆုံးသူ ၈၃ ဦးအထိရှိကြောင်း၊ ဆေးရုံဆင်း ၇၉၀ ရှိကြောင်းနှင့် ကုသဆဲကိုဗစ်လူနာ ၁၀၅၅ ဦးရှိကြောင်း သိရသည်။

ဗီဒီယိုများ