ရသေ့တောင်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်တပ်ကတပ်စွဲထား၍ စစ်ဘေးရှောင်များထွက်ပြေး

ရခိုင်ပြနယ်ည်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းဝင်းတွင် မြန်မာစစ်တပ်က လာရောက်တပ်စွဲမှုကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် စစ်ဘေးရှောင်များ တိမ်းရှောင်နေကြရကြောင်း သိရသည်။

20 Jul 2022

ရသေ့တောင်မြို့အား ယနေ့တွေ့ရစဉ်။ photo- CJ

DMG ၊ ဇူလိုင် ၂၀

ရခိုင်ပြနယ်ည်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းဝင်းတွင် မြန်မာစစ်တပ်က လာရောက်တပ်စွဲမှုကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် စစ်ဘေးရှောင်များ တိမ်းရှောင်နေကြရကြောင်း သိရသည်။

မြန်မာစစ်တပ်က ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့မှစတင်ကာ ထိုသို့ လာရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဘုန်းတော်ကြီးကျောင်းရှေ့ ကားလမ်းဝဲယာတွင် သဲအိတ်များဖြင့် ဘန်ကာပြုလုပ်ကာ အခိုင်အမာတပ်စွဲထားကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများထံမှ သိရသည်။

ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်၏ မိသားစုဝင်တစ်ဦးက “ဆရာတော်က သက်တော် ၈၀ ကျော်နေပြီ။ ကျန်းမာရေးမကောင်းလို့ အနီးကပ်ပြုစုနေရတာ။ မနက်က ဆွမ်းသွားပို့တော့ ဆရာတော်လည်း ကျောင်းမှာမရှိဘူးလို့သိရတယ်။ သူတို့တွေ(မြန်မာစစ်တပ်)က တပ်စွဲနေတော့ ဆရာတော်လည်း စိုးရိမ်မှာပေါ့”ဟု ဆိုသည်။

သက်တော် ၈၀ ကျော်အရွယ်ရှိ ဆရာတော်၏ လက်ကိုင်ဖုန်းကို DMG မှ ဆက်သွယ်မေးမြန်းရာ ဆရာတော်ကျန်းမာရေးအခြေအနေကြောင့် ဆရာတော်၏ ဒါယိကာအချို့က ကျောင်းမှပင့်ဆောင်ကာ အခြားနေရာသို့ရွှေ့ပြောင်းထားရကြောင်းနှင့် လက်ရှိတွင် ဆရာတော်ကျိန်းရန် နေရာထိုင်ခင်း ရှာဖွေနေရဆဲဖြစ်ကြောင်း ဆရာတော်၏ ဒါယိကာတစ်ဦးမှ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်ဦးရေ ၄၀ ခန့်ရှိကြောင်း ယင်းဒါယိကာ၏ ပြောကြားချက်အရသိရပြီး စစ်ဘေးရှောင်အများစုမှာလည်း မိမိအစီအစဉ်နှင့် မိမိ ရှောင်တိမ်းသွားကြပြီဖြစ်ကြောင်း သိရသည်။

“သူတို့တွေရှိနေတော့ အားလုံးက ကြောက်လန့်ပြီးရှောင်ကြရတာ။ အထုပ်အပိုးနဲ့လူတွေက အနောက်ဘက်က ထွက်ကြတယ်။ အချို့ကတော့ အရှေ့ပေါက်ကထွက်တယ်။ သူတို့ကတော့ စိတ်မပူကြနဲ့လို့တော့ ပြောတယ်။ ဒါပေမယ့် သူတို့ရှိနေရင် ကျွန်တော်တို့ ဘယ်လိုလုပ်နေရဲမှာလည်း”ဟု အဆိုပါ အမည်မဖော်လိုသူ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက DMG သို့ ပြောဆိုထားသည်။

လက်ရှိ မြန်မာစစ်တပ်က ကျောင်းဝန်းအတွင်းရှိဓမ္မာရုံတွင် နေထိုင်နေမှုကြောင့် စစ်ဘေးရှောင်အချို့မှာ ဆွေမျိုးများနှင့် အသိမိတ်ဆွေများထံတွင် ခိုလှုံနေထိုင်နေကြရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုထားသည်။

လုံခြုံရေးအရအမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက “ကျွန်မတို့ရဲ့နေရာမှာ တိုက်ပွဲတွေဖြစ်လို့ ဒီနေရာမှာလာပြီး ခိုလှုံနေကြရတာပါ။ ဒါပေမယ့် သူတို့တွေက ကျွန်မတို့နေတဲ့နေရာကို ထပ်ပြီးလာကြတော့ ကျွန်မတို့ ဘယ်လိုမှမနေရဲတော့ဘူး။ ဒါကြောင့် တိမ်းရှောင်ကြရတာပါ”ဟု ပြောဆိုသည်။

ယမန်နေ့ ဇူလိုင် ၁၉ ရက် ညအချိန်ခန့်မှစတင်ကာ ရသေ့တောင်မြို့တွင်းတွင် စစ်ဆေးမှုတင်းကြပ်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း မြန်မာစစ်တပ်မှ စစ်ဆေးနေဆဲဖြစ်ကြောင်း ရသေ့တောင်မြို့မှ ဒေသခံတစ်ဦးကဆိုသည်။

“မနေ့ညကဆိုရင် ရပ်ကွက်တချို့ကအိမ်တွေကို ဝင်စစ်တာတွေရှိခဲ့တယ်။ အချို့အိမ်တွေမှာ လူမရှိလို့ တံခါးတွေဖျက်ဝင်ဖို့ လုပ်ခဲ့တာတွေရှိတယ်လို့လည်း သိရတယ်။ ဒီနေ့မှာလည်း အချို့နေရာတွေမှာ သူတို့ နေရာယူထားတာတွေရှိတယ်။ အခုလိုမျိုးမြင်တွေ့ရတော့ ကျွန်တော်တို့စိုးရိမ်မိတာပေါ့”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

မြန်မာစစ်တပ်အနေဖြင့် ယခုကဲ့သို့ စစ်ဘေးရှောင်များခိုလှုံနေထိုင်နေသည့် ဘုန်းတော်ကြီးကျောင်းအတွင်းတွင် တပ်စွဲနေထိုင်ခြင်းမှာ လုံးဝမသင့်လျော်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး ယခုအပြုအမူမှာ ပြည်သူများအား ထိတ်လန့်စေသည့်လုပ်ရပ်သာဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက သုံးသပ်ပြောဆိုသည်။

“သူတို့တွေက ဘုရားပုထိုးတွေမှာ တပ်စွဲနေထိုင်တာမရှိဘူးလို့ သတင်းစာရှင်းပွဲတွေမှာ ပြောဆိုတာတွေရှိခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာဆိုရင် ရခိုင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ မဟာမြတ်မုနိလို နေရာတွေမှာတောင် တပ်စွဲနေကြတာတွေရှိတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စတွေဖြစ်တယ်။ နောက်ပြီး စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာမှာ တပ်လာစွဲတာကတော့ ပိုတောင်မဖြစ်သင့်ပါဘူး”ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် ရသေ့တောင်မြို့နယ်အနီးရှိ ကျေးရွာအချို့တွင်လည်း မြန်မာစစ်တပ်မှ ဝင်ရောက်လာမှုများကြောင့် ကျေးရွာလူထုများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောကြောင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားမှု မရှိခဲ့ပေ။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားလိုသော ရန်စမှု၊ ရန်လိုသော အပြုအမူများကို ဆက်လက်ပြုလုပ်နေသဖြင့် ရခိုင်ဒေသအတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ရက္ခိုင့်တပ်တော်ဘက်မှလည်း ယမန်နေ့ (ဇူလိုင် ၁၉)ရက်နေ့ အသိပေးချက် ထုတ်ပြန်ထားသေးသည်။

ဗီဒီယိုများ