ပလက်ဝတွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ

ပလက်ဝမြို့ အရှေ့ဘက်တွင် ယနေ့(မေလ ၂၆ ရက်) နံနက် ၁၀ နာရီခွဲမှစတင်ကာ လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း ဒေသခံများက DMG သို့ပြောသည်။

26 May 2022

ပလက်ဝမြို့ကို ကုလားတန်မြစ်မှမြင်ရပုံ (ဓာတ်ပုံ–ခူမီးမီဒီယာ)

DMG ၊ မေ ၂၆

ပလက်ဝမြို့ အရှေ့ဘက်တွင် ယနေ့(မေလ ၂၆ ရက်) နံနက် ၁၀ နာရီခွဲမှစတင်ကာ လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း ဒေသခံများက DMG သို့ပြောသည်။

ပလက်ဝမြို့နှင့် တစ်မိုင်ကျော်ဝေးကွာသည့် ခလရ(၂၈၉)စခန်းမှ ထိုသို့ပစ်ခတ်သံများ ထွက်ပေါ်နေပြီး အကြိမ် ၂၀ ခန့်အထိကြားရပြီဖြစ်ကြောင်း ဒေသခံများက နံနက် ၁၁ နာရီခန့်က ပြောသည်။ ခဝဲ/ဆူးပုတ်တောင်နှင့် နှုံးဘူးတောင်ဘက်သို့ ပစ်ခတ်သည်ဟု ယူဆရသည်ဟု ဒေသခံများကဆိုသည်။

“၂၈၉ ကုန်းကနေပစ်တာ။ လက်နက်ကြီးအသံပါ။ တစ်လုံးချင်းတစ်လုံးပစ်တာပါ။ ပထမအလုံးက ၁၀ နာရီ ၂၀ လောက်ကပစ်တာ။ လက်နက်ငယ်အသံတွေတော့ မကြားပါ။ အဲဒီကုန်းတစ်ခုတည်းကနေပစ်နေတာ။ အပြန်အလှန်ပစ်ခတ်သံတွေတော့ မကြားရပါဘူး"ဟု အဆိုပါတပ်ရင်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

စစ်တပ်က မည်သည့်အတွက်ကြောင့် ထိုသို့ပစ်ခတ်နေသည်ကို မသိရှိရသေးကြောင်း ဒေသခံများကဆိုကြသည်။ သို့သော် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိနေသဖြင့် ထိုသို့ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံအချို့က ဆိုသည်။

ထိုသို့ပြောဆိုချက်ကို DMG က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

"ပလက်ဝမြို့နယ်ရဲ့ အနောက်ဘက်ကမ်း၊ အဘောင်သားကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ ကမ်းလယ်အုပ်စုလို့ခေါ်တယ်။ အဲနားမှာတိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ အခုတော့ ကျွန်တော်လည်း အတိအကျတော့မသိသေးဘူး။ အခုက ‌အမြောက်ပစ်တာသေချာနေပြီ။ အဲဘက်မှာ အဲလိုသတင်းကြားနေရတယ်။ အခုနက လက်နက်ကြီးပစ်သံတွေက ပလက်ဝရဲ့အရှေ့ဘက်ကမ်းကပါ"ဟု အခြားဒေသခံတစ်ဦးက DMG သို့ပြောသည်။

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က အခြေစိုက်ကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။ ထိုသို့ လက်နက်ကြီးပစ်ခတ်သံများနှင့်ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားမှုရှိ၊မရှိကို AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးမြန်းရာတွင် ထိုသို့သတင်းမရရှိသေးကြောင်း ပြောဆိုသည်။

(အဆိုပါသတင်းနှင့်ပတ်သက်ပြီး DMG က အသေးစိတ်စုံစမ်းနေပြီး သတင်းအပြည့်အစုံကို ဆက်လက်တင်ပြပါမည်)

ဗီဒီယိုများ