မိုင်းပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းဒေသခံ လေးဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါတောင်တန်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲမှတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

13 Aug 2022

DMG ၊ ဩဂုတ် ၁၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါတောင်တန်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲမှတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာနှင့် မော်ရွာကျေးရွာမှ ဒေသခံလေးဦးတို့မှာ ယနေ့ (နေ့လည် ၁၂ နာရီ)ခန့်က မင်းမတောင်(ဒေသအခေါ်)အနီးသို့ နွားရှာ၊ ဟင်းရှာသွားစဉ် မိုင်းနင်းမိခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် မော်ရွာကျေးရွာမှ ဦးအောင်ချမ်းစိန်(၆၀ နှစ်)၊ ဦးအောင်ဝင်းသိန်း(၃၅ နှစ်)နှင့် ဗုဒ္ဓေါကျေးရွာမှ ဦးမောင်ကြီးအောင် (၅၇ နှစ်)နှင့် ကိုဝင်းအောင်(၂၁ နှစ်)တို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့သည်။

“ဦးအောင်ချမ်းစိန်ကတော့ ညာဘက်လက်ကောက်ဝက် ပြတ်ထွက်သွားတယ်။ ဦးအောင်ဝင်းသိန်းကတော့ ရင်ဘက်မှာ မိုင်းစတွေထိထားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ပေါင်နဲ့ ခြေသလုံးမှာထိထားတာကိုပဲ တွေ့ရတယ်။ ဒါက အပြင်ပိုင်းကိုပဲကြည့်ပြီးပြောတာဆိုတော့ ဘယ်သူက ပိုပြင်းထန်တယ်ဆိုတာ ဆရာဝန်တွေပဲသိလိမ့်မယ်”ဟု အဆိုပါလူနာများကိုကူညီပေးနေသူ ကိုစိုးမင်းထွန်းကပြောသည်။

မိုင်းထိလူနာများကို နေ့လည်ပိုင်းတွင် ကန်စောက်အခြေစိုက် သုခမေတ္တာနာရေးကူညီမှုအသင်းမှ ယိုးတရုပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဦးအောင်ချမ်းစိန်ကိုမူ စစ်တွေတွင်ကုသရန် ယူဆောင်သွားကြောင်း သုခမေတ္တာနာရေးကူညီမှုအသင်း ပြန်ကြားရေးတာဝန်ခံ ကိုစိုးမင်းထွန်းထံမှ သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မင်းမတောင်သည် ဗုဒ္ဓေါကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။

ဗုဒ္ဓေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှိုင်က “သူတို့က နွားပျောက်လို့သွားရှာရင်း မိုင်းထိတာ။ ကျနော့်ဆီကိုတောင် နေ့လည် ၁ နာရီထိုးခါနီးမှ အဲဒီနားကလူတွေ အကြောင်းကြားလို့သိရတယ်။ အဲဒီနားမှာက နွားစားကျက်တွေရှိတော့ ဒေသခံတွေက မဖြစ်မနေသွားရတယ်။ ဒီအတိုင်းဆို အခြားလူတွေအတွက်လည်း စိုးရိမ်မိတယ်”ဟု ပြောသည်။

ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒေသခံများ မကြာခဏ သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့ကလည်း မင်းပြားမြို့နယ် င/စရိုင်းချောင်းကျေးရွာမှ အသက်(၇၀)အရွယ် အမျိုးသားတစ်ဦးသည် ကျေးရွာနှင်တစ်မိုင်ကျော်ဝေးသည့် တောင်ကုန်းနေရာတွင် မိုင်းနင်းမိ၍ ပြင်းထန်းဒဏ်ရာရရှိခဲ့သည်။

ဗီဒီယိုများ