ပုဏ္ဏားကျွန်းမြို့ပေါ် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေ၊ ကလေးတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ရွာဟောင်းရပ်ကွက်အတွင်း ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၇ နာရီ အချိန်ခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

12 Jul 2020

ဓါတ်ပုံ - နေအိမ်ရှေ့တွင်ကျရောက်နေသည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးအားတွေ့မြင်ရစဉ်

ခင်သရဖီဦး | DMG
ဇူလိုင် ၁၂ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ရွာဟောင်းရပ်ကွက်အတွင်း ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၇ နာရီ အချိန်ခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ ဦးဦးရွှေသာ အသက် ၇၅ နှစ်ဖြစ်ပြီး ခြေထောက်၌ ဒဏ်ရာရရှိသွားသူမှာ အသက် ၁၃ နှစ်အရွယ် မသန္တာဦးဖြစ်ကြောင်း သိရသည်။

ပစ်ခတ်သံများကြားရ၍ နေအိမ်တွင်ပုန်းခိုနေစဉ် လက်နက်ကြီးကျည်ကျရောက်လာသဖြင့် ဦးဦးရွှေသာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်မျှခင်က ဆိုသည်။

“အပြင်က ပစ်သံကြားတော့ ကျွန်မတို့ပုန်းနေကြတာ၊ အဲဒီမှာလက်နက်ကြီးက သူ့ဘယ်ဖက်ရင်အုံကို ကျလာတယ်။ အဲဒီနေရာမှာပဲ သူကအသက်မရှိတော့ဘူး” ဟု ဒေါ်မျှခင်က ပြောသည်။

ထိုသို့ သေဆုံးသွားသည့် ဦးဦးရွှေသာ၏ ရုပ်အလောင်းကို ယနေ့ နေ့လည် ၁၂ နာရီခန့်က သင်္ဂြိုလ်ခဲ့ကြောင်း မိသားစုထံမှ သိရသည်။

ထို့ပြင် ခြေထောက်၌ ကျည်ထိမှန်သွားခဲ့သည့် မသန္တာဦးမှာလည်း ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ရထားဘူတာအနီးရှိ ၎င်း၏နေအိမ်၌ မိခင်နှင့်အတူ ပုန်းခိုနေခဲ့ပြီး ပစ်ခတ်မှုရပ်တန့်သွားချိန်တွင် မြို့ထဲသို့သွားရန် နေအိမ်မှထွက်ခွာလာစဉ် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မသန္တာဦး၏ အဖွားဖြစ်သူက ဒေါ်မစံသာက “ပစ်ခတ်တာရပ်သွားတဲ့အချိန်မှာ အဲဒီဖက်ကနေ မြို့ထဲကို နေမဝင် ခင်လာခဲ့ဆိုပြီး သူ့အဖေကဖုန်းခေါ်တော့ သားမိနှစ်ယောက်ပြေးလာတဲ့အချိန်မှာ တောင်ပေါ်က လှမ်းပစ်လိုက် တာကြောင့် အခုလိုဒဏ်ရာရသွားတာပါ” ဟု ဆိုသည်။

လက်ရှိအချိန်တွင် မသန္တာဦး၏ကျည်ထိဒဏ်ရာမှာ မစိုးရိမ်ရသဖြင့် ပုဏ္ဏားကျွန်းဆေးရုံတွင် ဆေးကုသမှုခံယူ နေကြောင်း ဒေါ်မစံသာက ပြောသည်။

ယခုကဲ့သို့ မြို့ပေါ်တွင် ပစ်ခတ်မှုများကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ဆိုသည်။

“လူတွေကတော့ စိုးရိမ်နေကြပါတယ်။ အခုက ငြိမ်ငြိမ်သက်သက်လည်း ဖြစ်နေတဲ့အချိန်မှာ ဖြစ်သွားတော့ ပြည်သူတွေစိတ်နာမှာပေါ့။ ဘယ်ဖက်က ပစ်တယ်ဆိုတာကို အကုန်လုံးသိတယ်။ ပစ်ခတ်တဲ့အဖွဲ့ကိုတော့ ပြည်သူတွေက လုံးဝမုန်းမှာပေါ့ ” ဟု ဦးအောင်သန်းတင်က DMG သို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် ရွာဟောင်းရပ်ကွက်ရှိ ဦးဗိုလ်အေးထွန်းအိမ်ရှေ့တွင်လည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံး ကျရောက်နေခြင်းကြောင့် နေအိမ်ပိုင်ရှင်နှင့် ဒေသခံများက စိုးရိမ်နေကြသည်။

ဗီဒီယိုများ