ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံရ

“အဲဒီဝန်းကျင်နားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေရှိတယ်။ အဲဒီ လုံခြုံရေးတပ်ဖွဲ့ကို ရီမုတ်မိုင်းနဲ့ခွဲတာ။ AA ကခွဲတာ။ ကျနော်တို့တော့ မထိဘူး၊ ရွာသားထိလားတော့ မသိဘူး ”

By ကျော်သူဌေး 03 Oct 2019

ကျော်သူဌေး | DMG

အောင်တိုဘာ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာ ကူးတိုးလှေဆိပ်အနီးတွင် ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၈ နာရီကျော်အချိန်က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

အောင်ဆိပ်ကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကို အေအေက ရီမုတ်မိုင်းနှင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“အဲဒီဝန်းကျင်နားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေရှိတယ်။ အဲဒီ လုံခြုံရေးတပ်ဖွဲ့ကို ရီမုတ်မိုင်းနဲ့ခွဲတာ။ AA ကခွဲတာ။ ကျနော်တို့တော့ မထိဘူး၊ ရွာသားထိလားတော့ မသိဘူး ” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်သည်ဆိုသည့်အပေါ် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

မိုင်းပေါက်ကွဲသံကြောင့် ကူးတိုးလှေများကိုပိတ်ထားလိုက်ရပြီး ဒေသခံများမှာလည်း စိုးရိမ်မှုများရှိနေကြောင်း အောင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စံကျော်က ပြောသည်။

“မနက် ၈ နာရီခွဲလောက်မှာ မိုင်းတစ်လုံးပေါက်တယ်။ ကျာနော်တို့ရွာက ယိုးတရုတ်ရွာကိုသွားတဲ့ ကူးတိုးဆိပ် နားမှာဖြစ်တာ။ တစ်ခါမှမကြုံဖူးလို့ စိုးရိမ်မှုတွေဖြစ်ကြရတယ်။ လတ်တလော ကူးတိုးတွေနဲ့ သွားလာသူတွေကို နာရီအနည်းငယ်လောက် ပိတ်ထားလိုက်ရတယ် ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ ကျော် ကြာမြင့်လာခဲ့ပြီး တိုက်ပွဲနယ်မြေများတွင် မိုင်းပေါက်ကွဲမှုများမှာ မကြာခဏဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

ဗီဒီယိုများ