ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာအနီးသို့ ယနေ့ ဧပြီလ ၃ ရက်၊ နံနက် ၇ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်သောကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

By အောင်ထိန်၊ ဇောင်း(ပုဏ္ဏားကျွန်း) 03 Apr 2020

ကျည်ထိမှန်ဒဏ်ရာရရှိသွားသည့် ဦးစောနိုင်ဝင်းကို ယနေ့နံနက်ပိုင်းက စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာစဉ်၊ (ဓာတ်ပုံ-အောင်ထိန်|DMG)

အောင်ထိန်၊ ဇောင်း(ပုဏ္ဏားကျွန်း)|DMG
ဧပြီ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာအနီးသို့ ယနေ့ ဧပြီလ ၃ ရက်၊ နံနက် ၇ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်သောကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

အသက် (၃၅)နှစ်အရွယ် ဦးစောနိုင်ဝင်းသည် ကျေးရွာအပြင်ဘက် လယ်ကွင်းသို့ နွားကျောင်းရန်သွားစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလာသောကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးမောင်စံခင်က ပြောသည်။

“သူက မနက်စောစောပိုင်းက လယ်ကွင်းကိုသွားတယ်။ အဲဒီမှာလက်နက်ကြီးက ကားလမ်းဘေးမှာ လာပြီးကျတယ်။ ကျတဲ့အခါ ကျနော့်သားလေးက ကားဘေးမှာ သွားနေတာ။ လက်နက်ကြီးကျတဲ့နေရာနဲ့ ကျနော့်သားသွားနေတဲ့ နေရာက အကြမ်းအားဖြင့် မီတာ ၅၀ လောက် ဝေးတဲ့နေရာက ကျည်စလာပြီး ထိသွားတယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ဦးစောနိုင်ဝင်းမှာ ဘယ်ဖက်ပုခုံးတွင် ဒဏ်ရာရရှိသွားသဖြင့် ပုဏ္ဏားကျွန်းဆေးရုံမှတစ်ဆင့် စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေသည်။

ယင်းကျေးရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဟု ဒေသခံများကဆိုသည်။ ထိုလက်နက်ကြီးကျည်မှာ ပုဏ္ဏားကျွန်းမြို့မြောက်ဘက်ရှိ ၅၅၀ တပ်ရင်းဘက်မှ ပစ်ခတ်သည့်ကျည်ဖြစ်သည်ဟု မိသားစုဝင်များက ဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက် ရရှိနိုင်ရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ယမန်နေ့ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ပုဏ္ဏားကျွန်းမြို့ထဲကပင် အနီးကပ်ကြား ခဲ့ရသည်ဟု မြို့သစ်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီအချိန်က ကျွန်တော်လက်ဖက်ရည်ဆိုင် ရောက်နေတယ်။ အသံက နည်းနည်းလေးမဟုတ်ဘူး။ အဲဒါကြောင့် အိမ်ပြန်ကြတယ်။ ည ၁၁ နာရီကျော် ၁၂ နာရီအထိ မိုးကြိုးပစ်သံလို ကြားရတယ်။ ဒီမနက်လည်း ပစ်သေးတယ် ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်၊သေဆုံးမှု အရေအတွက်လည်း တဖြည်းဖြည်းမြင့်တက်လာသည်။

ဗီဒီယိုများ