တိုက်ပွဲများကြောင့် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည့် လုပ်ငန်းစဉ်များ အခက်အခဲရှိ

အမ်း၊ ကျောက်ဖြူ၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များတွင်  ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကပြောသည်။

30 Aug 2019

ခင်သရဖီဦး|DMG

သြဂုတ် ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိမြို့နယ် ၁၂ ခုတွင် မွေးကင်းစကနေ ၅ နှစ်အထိ ပိုလိုယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးရန် စီစဉ်ထားသော်လည်း မြို့နယ် ၈ ခုတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် သွားရောက် တိုက်ကျွေးရန် ကျန်းမာရေးဦးစီးဌာနအနေဖြင့် အခက်အခဲရှိနေသည်။

အမ်း၊ ကျောက်ဖြူ၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များတွင်  ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကပြောသည်။

“လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ရဲ့   ကျန်းမားရေးစောက်ရှောက်မှုအတွက်အဟန့်အတား အတားအဆီးတွေ ရှိနေပါတယ်။ ဒါကြောင့်မို တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာတွေရော အကြီးအကဲတွေရော ကျနော်တို့ကို ကူညီဆောင်ရွက်ပေးဖို့နဲ့ နောက်တစ်ခုက လောလောဆယ် လုံခြုံရေးအရ စိတ်မချရတဲ့ နေရာတွေကို လုံခြုံးရေးကောင်းသွားတဲ့အချိန်မှာ သွားပြီးတော့ ကုနိုင်ဖို့အတွက် ကျနော်တို့က စီစဉ်ထားတဲ့အတွက် ကျနော်တို့ကို ဝိုင်းဝန်ကူညီပေးဖို့ကို အနူးအညွတ် မေတ္တာရပ်ခံပါတယ်”ဟုပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပိုလီယိုရောဂါကင်းစင်ကြောင်း ကြေငြာခဲ့ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇွန်လက ကရင်ပြည်နယ်မှ ကလေး ၃ ဦးတို့မှာ အသွင်းပြောင်း ပိုလီယိုကူးစက်မှုကို တွေ့ရှိခဲ့သည်။

ယင်းသို့ရောဂါတွေ့ရှိခဲ့ခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံနိုင်ခြေများသော နေရာဒေသ၊ လူအုပ်စုများရှိသော မြို့နယ်များတွင် အသွင်ပြောင်းပိုလီယို ကူးစက်မှုကို ဖြတ်တောက်ရန် ရည်ရွယ်ပြီး ပိုလိယိုကာကွယ်ဆေး အပိုအဆောင်းတိုက်ကျွေးခြင်းလုပ်ငန်းကို လုပ်ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် လတ်လလောသွားရောက်တိုက်ကျွေးရန် အဆင်မပြေသည့်မြို့နယ်များမှ ကလေးငယ်များကို ဒေသလုံခြုံစိတ်ချရသည့် အချိန်များတွင် တိုက်ကျွေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းလည်း ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကဆိုသည်။

“ကျနော်တို့က အခုဘာရည်ရွယ်ထားလဲဆိုတော့ လောလောဆယ်တော့ ပုံမှန်အတိုင်းပဲ။ ကာကွယ်ဆေးတိုက်ကျွေးရမယ့်ကလေးတွေကို ကျနော်တို့လုံခြုံရေးအရ သွားလိုရမယ့်နေရာတွေ တိုက်ပါမယ်။ ပြီးတော့ လုံခြုံရေးအရ တိုက်ကျွေးလို့ မရနိုင်တဲ့ကလေးတွေကို ကျနော်တို့ ခန့်မှန်းအရတွက်ချက်ထားပါမယ်။ ကျနော်တို့ အဲဒီမှာ လုံခြုံရေးအရ စိတ်ချရပြီဆိုတဲ့အခါမှာ ကျနော်တို့ သွားတိုက်မယ်လို့ ခွဲခြားဆောင်ရွက်ထားပါတယ်။ ကာကွယ်ဆေးမရတဲ့ ကလေးတွေကတော့ လက်ရှိမှာလည်း ကာကွယ်ဆေးရဖို့ အဟန့်အတား ဖြစ်နေမှာလည်း ဖြစ်ပါတယ်။ ဒါလေးတွေကို ကျနော်တို့က ရခိုင်ပြည်နယ်အတွက် အထူးတလည် ဆောင်ရွက်မှာလည်းဖြစ်ပါတယ်”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ကရင်၊ ချင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်အပါဝင်မြို့နယ် ၉၆ ခုမှ ကလေးစုစုပေါင်း ၁၃ သိန်းခန့်ကို ရှာဖွေပြီး သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ပထမအကြိမ်နှင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးသွားမည်ဖြစ်သည်။

ဗီဒီယိုများ