ရခိုင်တွင်ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲကို ဒေသခံများလက်မခံ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုးမြို့နယ်တွင် စစ်မှုထမ်းဟောင်းများနှင့် စစ်တပ်မိသားစုဝင်များစုပေါင်းကာ စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။

31 Jan 2022

DMG ၊ ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုးမြို့နယ်တွင် စစ်မှုထမ်းဟောင်းများနှင့် စစ်တပ်မိသားစုဝင်များစုပေါင်းကာ စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် အမ်းမြို့တို့တွင်ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲကိုမလိုလားကြောင်း ရခိုင်ဒေသခံများကပြောဆိုကြသည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုမင်းဘာချေက “တပ်မိသားစုက တပ်မိသားစုကိုထောက်ခံတာပါပဲ။ ဒီမှာ ဘယ်ဒေသခံမှပါတာမတွေ့ရဘူး။ သူတို့အတွက်တော့ စိတ်ဓာတ်မြှင့်တင်ရေးအတွက် လုပ်နေကြတာပဲလေ။ ဒီအပေါ်မှာ ဒေသခံတွေ ဘယ်လောက်ဝေဖန်နေကြလဲဆိုတာကိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာကြည့်ရင် သိနိုင်ပါတယ်”ဟု ပြောသည်။

စစ်တပ်ထောက်ခံပွဲများကို တပ်မိသားစုဝင်များနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့တို့ကဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့မှထောက်ခံပွဲပြုလုပ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။

“ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေသဘောတရားတွေအရ တပ်မတော်ဘက်က အင်အားရှိတယ်ဆိုတဲ့သဘောကို ပြဖို့အတွက်ပါဝင်ဖြစ်တာပါ။ ပြီးတော့ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူတွေရဲ့ တာဝန်ပေးအပ်ခြင်းအရ ရပ်ကွက်အလိုက် လာရောက်ထောက်ခံကြတာပါ”ဟု စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွပ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခင်လှိုင်ကဆိုသည်။

ဒေသခံများမပါဝင်သည့် ယခုထောက်ခံပွဲသည် ရခိုင်ပြည်နယ်ကို အလွဲသုံးစားလုပ်သည့်လုပ်ရပ်သာဖြစ်ပြီး ပြည်သူများကိုယုံမှားသံသယဖြစ်စေနိုင်ကြောင်း အမ်းမြို့ဒေသခံ ကိုမျိုးလွင်ကရှုမြင်သည်။

“ရခိုင်ပြည်ကိုအလွဲသုံးစားလုပ်တယ်။ သူတို့က ခုတုံးလုပ်ပြီးတော့ အာဏာသိမ်းတဲ့စစ်တပ်ကတော့ ရခိုင်မှာ လွတ်လွတ်လပ်လပ်ထောက်ခံပွဲတွေလုပ်လို့ရတယ်။ ရခိုင်ပြည်သူတွေလည်းပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ယုံမှားသံသယဖြစ်အောင်ပြုလုပ်ကြတဲ့ ူအနေအထားလို့ပြောလို့ရတယ်”ဟု ၎င်းကဆိုသည်။

ယနေ့ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲများတွင် CRPH၊ NUG နှင့် PDF တို့ကို ကန့်ကွက်ပြီး စစ်တပ်နှင့် စစ်ကောင်စီကို ထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြသည်။

မောင်တောမြို့မှ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက “မနက်က သူတို့လူအင်အား ၁ဝဝကျော်လောက်နဲ့ မြို့ပြင်ကဝင်လာပြီး ဆန္ဒပြသွားကြတာ။ ဒီကဒေသခံတစ်ယောက်မှမပါဘူး။ သူတို့ကို အာဏာနဲ့ခိုင်းလို့ပဲလုပ်တာလား။ ငါးထောင်တစ်သောင်းရလို့လုပ်တာလားဆိုတာတော့ မပြောတတ်ဘူး”ဟု ဆိုသည်။

လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းနိုင်ရန်အတွက် လမ်းပေါ်တက်ကာ ထောက်ခံပွဲများပြုလုပ်ရန်စီစဉ်မည့်အစား သေချာရေရာသည့်အစီစဉ်များကိုရေးဆွဲရန်လိုအပ်နေပြီဖြစ်ကြောင်း ကျောက်ဖြူဒေသခံ ကိုထွန်းကြည်ကပြောသည်။

ယခုကဲ့သို့ တပ်မိသားစုများမှ စစ်တပ်ကိုထောက်ခံသည့်အပေါ် မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ဝင်စားမည်မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် တပ်မတော်ထောက်ခံပွဲများကို ရခိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ နေရာတော်တော်များများတွင် ပြုလုပ်နေသည်ကိုတွေ့ရသော်လည်း PDF နှင့် CDM လှုပ်ရှားမှုမရှိသည့် ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ပြုလုပ်ရန်မလိုအပ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကသုံးသပ်သည်။

ရခိုင်တွင် ယခုကဲ့သို့ စစ်တပ်ထောက်ခံပွဲပြုလုပ်ခြင်းကြောင့် ULA/AA နှင့် သဘောထားကွဲလွဲမှုများဖြစ်နိုင်ခြေရှိကြောင်းလည်း ၎င်းကသုံးသပ်သည်။

“ရခိုင်ပြည်မှာ မလိုအပ်ပဲ နိုင်ငံရေးအမြတ်တစ်ခုထွက်အောင် လုပ်သွားတယ်လို့ပဲမြင်ပါတယ်။ သို့သော် ရခိုင်ပြည်သူအများစုကတော့ ဒီလိုလုပ်တဲ့အပေါ်မှာ စိတ်မချမ်းမသာဖြစ်နေကြတယ်။ ရခိုင်ပြည်သူတွေကတော့ ဒီပွဲမှာထောက်ခံတာမျိုးမရှိ၊ အားပေးတာလည်းမရှိ၊ ပါဝင်တာတွေလည်းမရှိပါဘူး။ အထူးသဖြင့် တပ်မတော်မိသားစုတွေက လုပ်သွားတဲ့ပွဲပဲဖြစ်ပါတယ်”ဟု ဦးဖေသန်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အာဏာသိမ်းမှုဆန့်ကျင်ရေးကိစ္စများတွင်မပါဝင်ကြရန်နှင့် ထိုသို့ပါဝင်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ရခိုင်ပြည်အတွင်းရှိမြို့နယ်အချို့တွင် လက်ကမ်းစာစောင်များဖြန့်ဝေကာ သတိပေးမှုများရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု (၁)နှစ်ပြည့်အဖြစ် အသံတိတ်သပိတ်ဆင်နွှဲရန် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများမှ နှိုးဆော်နေချိန်တွင် စစ်တပ်ထောက်ခံပွဲများ ပြုလုပ်လာခြင်းဖြစ်သည်။

ဗီဒီယိုများ