စစ်ကျန် လက်နက်ပစ္စည်းများကို စုပုံ မထားရန် REC တိုက်တွန်း

စစ်ကျန်လက်နက်ပစ္စည်းများကို တစ်နေရာတည်းတွင် စုပြုံထားခြင်းမျိုး မပြုလုပ်ကြရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) မှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက တိုက်တွန်းလိုက်သည်။

29 Jun 2021

DMG | ဇွန် ၂၉

စစ်ကျန်လက်နက်ပစ္စည်းများကို တစ်နေရာတည်းတွင် စုပြုံထားခြင်းမျိုး မပြုလုပ်ကြရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) မှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက တိုက်တွန်းလိုက်သည်။

ထိုကဲ့သို့ စစ်ကျန်လက်နက် ပစ္စည်းများကို တစ်စုတဝေးတည်း ထားခြင်းအားဖြင့် မတော်တဆမှုများ ရှိလာပါက ကြီးမားပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားစေနိုင်သည့်အတွက် ထိုသို့ပြုလုပ်ခြင်းများကို ရှောင်ကြည်သင့်ကြောင်း သူကဆိုသည်။

“စစ်ကျန်လက်နက်ပစ္စည်းတွေဆိုတာက မပစ်ပဲ ကျန်ခဲ့တာလား၊ ပစ်ပြီးမပေါက်ကွဲဘဲ ကျန်ခဲ့တာလားဆိုတာကို မသိနိုင်ဘူးလေ။ ဒီတော့ ဘယ်လိုဟာပဲဖြစ်ဖြစ် အန္တရာယ်ကရှိနေတာပဲလေ။ ဒါတွေကို နည်းပညာအကူအညီနဲ့ ဖျက်ဆီးပစ်ရမှာ။ အဲဒီလိုမဟုတ်ဘဲ တစ်နေရာရာမှာ စုထားတာက အရမ်းအန္တရာယ်များတယ်။ တစ်လုံး ပေါက်တာနဲ့ အကုန်ထပ်ပြီးပေါက်ကုန်ရင် ထိခိုက်မှုတွေက ပိုကြီးနိုင်တယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

ယခုကဲ့သို့ တစ်စုတစ်ဝေးတည်းတွင် စစ်ကျန်လက်နက်များ ရှိနေသည်ကိုတွေ့ရှိပါက သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များထံမှ တစ်ဆင့် ပြည်နယ်အာဏာပိုင်များထံသို့ တင်ပြကာ စနစ်တကျ စွန့်ပစ်ဖောက်ခွဲမှုများပြု လုပ်ပေးရန် တောင်းဆိုသင့်ကြောင်းကိုလည်း သူကအကြံပြုပြောကြားသည်။

“သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကိုဖြစ်စေ၊ ဒါမှမဟုတ် နီးစပ်ရာလက်နက်ကိုင်အဖွဲ့စည်း တစ်ခုခု ကိုဖြစ်ဖြစ် အကူညီတောင်းပြီး စနစ်တကျဖျက်ဆီးတာတွေ လုပ်သင့်တယ်။ ဒါမှမဟုတ်ဘဲ ဒီအတိုင်းထားတာက အရမ်းအန္တရာယ်များလွန်းတယ်။ ဒါတွေကို ပြည်သူတွေက ထိတွေ့ကိုင်တွယ်တာတွေ မလုပ်သင့်ဘူး သက်ဆိုင်ရာတွေကလည်း ဒီလိုအရာတွေကို ဒီအတိုင်းကြည့်မနေသင့်ဘူး” ဟု ကိုဇော်ဇော်ထွန်းက ရှင်းပြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ရသေ့တောင်မြို့နယ် ငစံဘော်ကျေးရွာအနီးတွင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည်အများအပြားစုပုံထားသည်ကို ဒေသခံတစ်ဦးမှ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြမှုများလည်းရှိခဲ့သည်။

အဆိုပါ လက်နက်ကြီးကျည်များမှာ ယခင်က အဆိုပါနေရာတွင် တစုတဝေးတည်း တည်ရှိနေခြင်းမျိုးမဟုတ်ဘဲ ငါးရှာဖားရှာစဉ်တွေ့ရှိသည်များ၊ လယ်ယာထွန်ယက်စဉ်တွေ့ရှိသည်များကို စုစည်းကာ နွားစားကျက်ကွင်းရှိ ရွံ့အိုင်ငယ်တွင် စုပြုံထားခြင်းဖြစ်ကြောင်း အဆိုပါ ဓာတ်ပုံများတင်ခဲ့သည့် ဒေသခံ ကိုထက်မြတ်ဟိန်းက ဆိုသည်။

“ဒီဟာတွေတွေ့နေတာ အရင်နှစ်ကတည်းက တွေ့နေတာ အရင်တုန်းကတော့ အဝေးကပဲ ကြည့်ဖြစ်တယ်။ အဲ့ဒီနေ့က ရွာက အစ်ကိုတစ်ယောက်က ဘာမှမဖြစ်ဘူးဆိုပြီး ပြောလို့ အနားကပ်ကြည့် ဖြစ်ခဲ့တာ။ လူကြီးတွေကတော့ ဒီလိုစုထားတာ ပိုအန္တရာယ်ကင်းတယ်ဆိုပြီးထားတာ” ဟု သူပြောသည်။

အဆိုပါ လက်နက်ကြီးကျည်များ တစ်စုတဝေးတည်းရှိနေသည့်နေရာမှာ မြန်မာစစ်တပ်စစ်ကြောင်းများ ဖြတ်သွားဖြတ်လာလုပ်သည့် နေရာနှင့် မနီးမဝေးတွင် တည်ရှိပြီး ထိုအရာများကို အဆိုပါစစ်ကြောင်းမှ တာဝန်ရှိသူများထံသို့ သွားရောက်ပြောကြားခဲ့သော်လည်း လာရောက်ရှင်းလင်းပေးမည့်အကြောင်း တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း ငစံဘော်ကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

“ကျွန်တော်တို့ လယ်လုပ်ဖို့သွားတုန်းမှာ စစ်ကြောင်းနဲ့တွေ့လို့ ဒီလိုရှိတယ်ဆိုတာကို သူတို့ကိုခေါ်ပြပါတယ်။ အဲ့တော့ သူတို့က ဒါတွေကအသုံးမဝင်လို့ ပြန်မယူတော့ဘူး။ ဒီလက်နက်ကို လျှပ်စစ်လျှော့တိုက်တာတွေ မလုပ်ဖို့ပဲပြောခဲ့ပါတယ်။ သူတို့လည်း ကိုင်ပြခဲ့ပါတယ်။” ဟု ရှင်းပြသည်။

လက်ရှိတွင် စစ်ကျန်လက်နက်ကြီးကျည်များမှာ အဆိုပါနေရာ၌ ထားမြဲအတိုင်းစုပုံလျှက် ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ကောက်ယူထားသည့် စာရင်းများအရ တိုက်ပွဲဖြစ်ပွားသည့် အချိန်မှစ၍ ယနေ့အချိန်အထိ  စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ထိုက်ခိုက်ဒဏ်ရာရရှိသူ ၈၁ ဦးအထိရှိခဲ့ပြီး ထိုအထဲတွင် ကလေးသူငယ်မှာ အများဆုံးပါဝင်ကြောင်း သိရသည်။

ဗီဒီယိုများ