ရသေ့တောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးဒဏ်ရာရ၊ ၂ ဦးဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ကျေးရွာအနီးတွင် မတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီ ကျော်က မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးဒဏ်ရာရရှိပြီး ယင်းအနက် (၂)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

By ဝင်းညွန့် 30 Mar 2020

Photo- Aung Htay Shwe's facebook

ဝင်းညွန့် | DMG
မတ် ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ကျေးရွာအနီးတွင် မတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီ ကျော်က မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးဒဏ်ရာရရှိပြီး ယင်းအနက် (၂)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ဒဏ်ရာရရှိသူများမှာ အောင်ဇေယျာကျေးရွာမှ ဦးဝေပန်းဖြူ(၄၇နှစ်)၊ မညှင်းတောင်ကျေးရွာမှ ဦးကျော်အေးသိန်း (၅၃ နှစ်) နှစ်နှင့် ဦးကျော်ဝင်းနိုင်(၄၀ နှစ်) တို့ဖြစ်သည်။ ဦးဝေဘန်းဖြူတွင် ညာဖက်ခြေထောက်၊ ဘယ်ဘက်လက်တို့တွင် ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး ဦးကျော်အေးသိန်းတွင်လည်း ဘယ်ဘက်ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

“ ကျွန်တော့်ယောက်ဖမှာ မညှင်းတောင်ရွာ မြောက်ဘက်အနီးမှာ တောင်ရှိတယ်။ ဥယျာဉ်လုပ်စားတယ်။ အဲဒီ နေ့က သူက အဲဒီတောင်မှာ နွားကျောင်းနေရင်း ထင်းကောက်တယ်။ ထင်းကောက်ပြီးတော့ ထင်းသယ်လာတဲ့အခါ မိုင်းပေါက်ကွဲတယ်။ မိုင်းပေါက်ကွဲသံကြားတော့ မညှင်းတောင်က ဦးကျော်အေးသိန်းနဲ့ ဦးကျော်ဝင်းနိုင်တို့ သူ့ကိုလာကြည့်တယ်။ အဲဒီမှာ နောက်တစ်လုံးပေါက်တယ်။ အဲဒီတော့ ဦးကျော် အေးသိန်းမှာလည်း ဒဏ်ရာရသွားတယ်။ ဦးကျော်ဝင်းနိုင်မှာတော့ နည်းနည်းဒဏ်ရာရသွားတာ”ဟု ဦးဝေပန်းဖြူ၏ယောက်ဖ ဦးစိုးဝင်းချေက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုမှာ မညှင်းတောင်ကျေးရွာ မြောက်ဘက်နှစ်မိုင်အကွာရှိ တောင်တန်းတွင် ပေါက်ကွဲခြင်း ဖြစ်သည်။ ယင်းတောင်တန်းများတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ပြီးခဲ့သည့် တစ်လကျော်ခန့်က တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ထို့ပြင် ယင်းတောင်တန်းတွင် တပ်မတော်စစ်ကြောင်းက တစ်လကျော်ခန့် တပ်စွဲနေထိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက် ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဒဏ်ရာရရှိသူများကို ရသေ့တောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ရာတွင် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် တစ်နာရီခန့်ကြာ စစ်ဆေးခံခဲ့ရပြီး စစ်တွေဆေးရုံသို့ ယနေ့ နံနက် (၈)နာရီခန့်တွင် ရောက်ရှိခဲ့သည်ဟု မိသားစုဝင်များထံက သိရသည်။

ဗီဒီယိုများ