စစ်ကောင်စီမှထုတ်ပြန်သည့် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်မှာ စစ်တပ်ထောက်ခံပွဲပြုလုပ်သူများအပေါ် သက်ရောက်မှုမရှိ

ကိုဗစ်ကာလအတွင်း လူဦးရေ ၁၀၀ ထက်ပို၍စုဝေးပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ညွှန်ကြားစာထုတ်ပြန်ထားသည်။

03 Nov 2021

DMG ၊ နိုဝင်ဘာ ၃

ကိုဗစ်ကာလအတွင်း လူဦးရေ ၁၀၀ ထက်ပို၍စုဝေးပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ညွှန်ကြားစာထုတ်ပြန်ထားသည်။

အဆိုပါအမိန့်ညွှန်ကြားချက်မှာ ရခိုင်ပြည်နယ်တွင်လည်း အကျုံးဝင်ကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက DMG သို့ပြောသည်။

“အခမ်းအနားတွေလုပ်မယ်၊ အစည်းအဝေးတွေလုပ်မယ်ဆို ထုတ်ပြန်ထားတဲ့အမိန့်အတိုင်း လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာမှာနေဖို့နဲ့ လက်ဆေးဖို့၊ နှာခေါင်းစည်း(mask)တပ်ဖို့တွေကို မဖြစ်မနေလိုက်နာရမယ်”ဟု ဦးလှသိန်းကဆိုသည်။

ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ယခင်ထုတ်ပြန်ထားသည့် လူ ၅၀ ဦးအစား လူ ၁၀၀ ထက်ပိုပြီးစုဝေးခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၂၉ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသူများအား အရေးယူသွားမည်ဖြစ်ကြောင်း ယင်းအမိန့်စာတွင် ပါရှိသည်။

သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း စစ်တပ်မိသားစုများနှင့် စစ်မှုထမ်းဟောင်းများမှ စစ်တပ်ထောက်ခံပွဲများကို ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မောင်တော၊ အမ်း၊ ရသေ့တောင်နှင့် စစ်တွေမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။

နိုဝင်ဘာလ ၁ ရက်နေ့ကလည်း စစ်တွေမြို့တွင် စစ်မှုထမ်းဟောင်းများနှင့် စစ်တပ်သားသမီးများစုပေါင်းကာ လူအင်အားတစ်ထောင်ခန့်ဖြင့် လေယာဉ်ကွင်းဆင်းလမ်းမှ ဝေသာလီဘောလုံးကွင်းဘက်သို့ စီတန်းလှည့်လည်ကာ စစ်တပ်ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသေးသည်။

ယင်းသို့ လူ ၁၀၀ ထက်ပိုမစုရဟု စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသော်လည်း စစ်တပ်ထောက်ခံပွဲများကို လူရာချီပါဝင်ပြီး ပြုလုပ်နေသည့်မှာ စည်းမျဉ်းစည်းကမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ရခိုင်အမျိုးသမီးရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ထောက်ပြသည်။

“ဒီစည်းမျဉ်းစည်းကမ်းနဲ့ကြည့်မယ်ဆိုရင် လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေတာကိုတွေ့ရတယ်။ ဒါက လုံးဝဟန်ချက်မညီဘူးပေ့ါ။ စည်းကမ်းကတစ်ခုပေါ့။ တကယ်လက်တွေ့ကျင့်သုံးနေတဲ့ အနေအထားကတစ်ခုဆိုတော့ ဘယ်လိုနည်းနဲ့မှ ဒါကစည်းမျဉ်းစည်းကမ်းနဲ့လျော်ညီတဲ့ အနေအထားမျိုးမဟုတ်ဘူးဆိုတာကို ဘယ်သူမှငြင်းလို့ရမှာမဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကမူ “အခုက ကိုဗစ်ရောဂါကူးစက်ခံရမှု သိသိသာသာကျလာတယ်။ အကယ်၍များ ပြန်ပြီးရောဂါကူးစက်မှုက ဆိုးဆိုးဝါးဝါးဖြစ်လာမယ်ဆိုရင်တော့ ထုတ်ပြန်ထားတဲ့စည်းမျဉ်းနဲ့ လိုက်နာဆောင်ရွက်ဖို့ပညာပေးမယ်။ မလိုက်နာသူကိုအရေးယူသွားမယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သူအချို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ(၂၅)ဖြင့် အမှုဖွင့်အရေးယူခဲ့ရာ စစ်တွေမြို့မှ ၃၅ ဦးနှင့် ဂွမြို့မှ ၅ ဦး အရေးယူခံခဲ့ရကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရသိရသည်။

အဆိုပါပုဒ်မမှာ အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်ပြီး ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အမိန့်ချမှတ်နိုင်သည်။

ဗီဒီယိုများ