အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်လူငယ်များကို ၃ ကြိမ်မြောက်ရုံးထုတ်

ယနေ့ရုံးထုတ်တွင် တရားခံပြေး ၂ ဦးအမှုမှ ကိုစိုးမြင့်ကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဝရမ်းအား တရားရုံးသို့ တင်သွင်းပြီး အတည်ပြုခဲ့ကာ တရားလိုပြသက်သေ ဒုရဲအုပ်ဝင်းကျော်မိုးကို စစ်ဆေးခဲ့ကြောင်း အကျိုးဆောင် ရှေ့နေများထံမှသိရသည်။

By ဝင်းမြတ်ကျော် 06 Sep 2019

မြတ်ဝင်းကျော် | DMG

စက်တင်ဘာလ ၆ ၊ ရန်ကုန်

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနှင့် အမှုဖွင့်ခံထားရသော ရခိုင်လူငယ်များကို စက်တင်ဘာ ၆ ရက်နေ့ တွင် အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ရုံးထုတ်တွင် တရားခံပြေး ၂ ဦးအမှုမှ ကိုစိုးမြင့်ကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဝရမ်းအား တရားရုံးသို့ တင်သွင်းပြီး အတည်ပြုခဲ့ကာ တရားလိုပြသက်သေ ဒုရဲအုပ်ဝင်းကျော်မိုးကို စစ်ဆေးခဲ့ကြောင်း အကျိုးဆောင် ရှေ့နေများထံမှသိရသည်။

“ပထမတစ်ယောက်တုန်းကတော့ ဝရမ်းသွင်းပြီးပြီ၊ ဒီနေ့မှာတော့ မြောက်ဦးမြို့နယ်က ကိုစိုးမြင့်ကို ဝရမ်း အတည်ပြုတဲ့အခါ ဖမ်းဆီးနိုင်ခြင်းမရှိဘူးပေါ့၊ ကိုစိုးမြင့်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတော့ သွားရေးလာရေး အခက်အခဲဖြစ်လို့ အစစ်ခံနိုင်ဖို့အနေအထားမရှိလို့ မြောက်ဦးမြို့ခရိုင်တရားရုံးကနေတစ်ဆင့် ကော်မရှင်စာ စစ်ဆေးမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ရှင်းပြသည်။

ယင်းအမှု၌ သြဂုတ်လ ၂၉ ရက်နေ့ ရုံးထုတ်ရာတွင် တရားခံပြေး ကိုသန်းထွန်းနိုင်အား ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း ဝရမ်းတင်သွင်းခဲ့ရာ အတည်ပြုခဲ့ပြီးဖြစ်သည်။

၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ရက္ခိုင့် တပ်တော် (AA)၏ စစ်ဦးစီးချုပ်ညီအပါအဝင် ၈ ဦးကိုမူ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် သီးခြားအမှုဖွင့်ခံထားရသည့် ကိုအောင်မျိုးထွန်း အား ယနေ့စတင် တရားစွဲဆိုပြီဖြစ်ကြောင်း ဦးကျော်မျိုးထွန်းထံမှ သိရသည်။
အကြမ်းဖက်မှုတိုက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်လူငယ်များကို စက်တင်ဘာ ၂၀ ရက် နေ့တွင် ထပ်မံရုံးချိန်းဆိုလိုက်သည်။

အဆိုပါ ရခိုင်လူငယ်များမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်မှု၊ ငွေကြေးထောက်ပံ့မှုများ ရှိသည် ဆိုသည့် စွပ်စွဲချက်များဖြင့် ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဗီဒီယိုများ