စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက်အပေါ် ယုံကြည်မှုအားနည်း

မြန်မာနိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးနှင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ယနေ့ ၂၀၂၂ ခုနှစ် မတ်လ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ တိုးမြှင့်သည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ကြေညာချက်အပေါ် ယုံကြည်မှုနည်းပါးလျက်ရှိကြသည်ကို တွေ့ရသည်။

01 Mar 2022

DMG ၊ မတ် ၁

မြန်မာနိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးနှင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ယနေ့ ၂၀၂၂ ခုနှစ် မတ်လ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ တိုးမြှင့်သည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ကြေညာချက်အပေါ် ယုံကြည်မှုနည်းပါးလျက်ရှိကြသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကထုတ်ပြန်သော အဆိုပါအပစ်ရပ်ကြေညာချက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကိုရပ်စဲထားမည်ဟု ပါရှိသည်။

ထိုသို့ ၁၀ လတာ အပစ်ရပ်ကြေညာခြင်းမှာ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအပါအဝင် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချူပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရေးတို့အတွက်ဟုလည်း စစ်ကောင်စီကဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီဘက်မှ အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ခြင်းသည် နိုင်ငံရေးဟန်ပြတစ်ခုသာဖြစ်ပြီး လက်တွေ့တွင် တစ်စုံတစ်ရာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိနိုင်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

လက်ရှိ ကရင်၊ ချင်း စသည့်တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီမှ အပြင်းအထန်စစ်ဆင်ရေးများ ပြုလျက်ရှိသည့်အတွက် ထိုထုတ်ပြန်ချက်မှာ အတုအယောင်တစ်ခုသာဖြစ်ပြီး EAOs တို့ကလည်း ယုံကြည်မှုမရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

“တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကရင်နီပြည်နယ်၊ ချင်းတောင်၊ အဲဒီဒေသတွေမှာ စစ်ဆင်ရေးတွေလုပ်နေပါတယ်။ ဒါကတော့ စစ်ကောင်စီအနေနဲ့ တစ်ဖက်ကငြိမ်းချမ်းရေးအလံထောင်၊ တစ်ဖက်က သေနတ်ကိုထောင်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု အဆက်မပြတ်လုပ်နေတယ်။ အာဏာမသိမ်းခင်ကရော၊ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာရော ဟန်ပြအနေနဲ့ လုပ်ဆောင်လာတာဖြစ်တဲ့အတွက် ဘယ်လက်နက်ကိုင်အင်အားစု၊ အဖွဲ့စည်းကမှ ယုံကြည်တာမရှိပါဘူး”ဟု ဦးသန်းစိုးနိုင်က DMG ကို ပြောသည်။

အလားတူ ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေကလည်း စစ်ကောင်စီမှ အပစ်ရပ်ကြေညာခြင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်၍ ယုံကြည်မှုနည်းသည်ဟုဆိုသည်။

“အရင်တုန်းက ရခိုင်မှာစစ်ပွဲတွေအများကြီးဖြစ်တုန်းကလည်း သူတို့ဒီလိုလုပ်ခဲ့တယ်။ ဆိုတော့ အခုလည်းဒီလိုပဲထုတ်တယ်။ ဆိုတော့ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်ပါပဲ။ သူတို့ရဲ့လုပ်ရပ်အပေါ်မူတည်တယ်။ အရင်တုန်းက သူတို့ဘယ်လိုလုပ်ခဲ့လဲ အဲဒီအပေါ်မှာမူတည်တာပေါ့။ ယုံကြည်မှုမရှိလို့လည်း တော်လှန်ရေးတွေ၊ တိုက်ပွဲတွေ ဖြစ်လာရတယ်”ဟု ဦးအောင်သောင်းရွှေကပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ငါးလတာ အပစ်အခတ်ရပ်စဲကြောင်းကြေညာခဲ့သည်။

သို့သော် ကချင်၊ ချင်း၊ ကရင်၊ စစ်ကိုင်းတိုင်းနှင့် အခြားတိုင်းရင်းသားဒေသတို့တွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်အင်အားစုတို့အကြား လက်ရှိအချိန်ထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိနေသည်။

ဗီဒီယိုများ