NLD မဲဆွယ်ဆိုင်းဘုတ်ပိုစတာများ အကြိမ်ကြိမ်ဖျက်ဆီးခံရမှု ရဲတပ်ဖွဲ့က အမြန်ဆုံးဖော်ထုတ်အရေးယူ သင့်ကြောင်းဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်မှ ဆားပြင်၊ လမူးမော်၊ ကျော်ကိုင်းကျေးရွာတို့၌ စိုက်ထူ ထားသော ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ် ၃ ခုမှာ စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က ဖျက်ဆီးခံခဲ့ရကြောင်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံး တာဝန်ရှိသူများထံမှ သိရသည်။

By မျိုးမြင့်ဇော် 26 Sep 2020

မျိုးမြင့်ဇော် | DMG
စက်တင်ဘာ ၂၆ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်မှ ဆားပြင်၊ လမူးမော်၊ ကျော်ကိုင်းကျေးရွာတို့၌ စိုက်ထူ ထားသော ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ် ၃ ခုမှာ စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က ဖျက်ဆီးခံခဲ့ရကြောင်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံး တာဝန်ရှိသူများထံမှ သိရသည်။

အောင်နိုင်ရေးပိုစတာဆိုင်းဘုတ်များဖျက်စီးခံရခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် ၇ ကြိမ်ရှိပြီရာ ဖျက်ဆီးသူများကို အရေးယူနိုင်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းတို့တွင် အမှုဖွင့်ထားသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်  အမြန်ဆုံးဖော်ထုတ်အရေးယူသင့်ကြောင်း တောက်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးမင်းအောင်က DMG သို့ ပြောသည်။

“ကျော်ကိုင်းမှာဆိုလို့ရှိရင် ညနေစောင်းပဲရှိသေးတယ် မမှောင်သေးတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ ဆိုင်ကယ်စီးဦးထုပ်နဲ့ နှာခေါင်းစည်းတပ်ထားတဲ့လူနှစ်ယောက်က ပလက်စတစ်ပိုက်လုံးတွေနဲ့ ဆိုင်ဘုတ်ကိုထိုးချသွားတာလို့ တွေ့လိုက်တဲ့လူကပြောတယ်။ ကျူးလွန်တဲ့သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အမြန်ဆုံးအရေးယူ ဖော်ထုတ်ပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

တောင်ကုတ်မြို့နယ်အတွင်းက NLD အောင်နိုင်ရေးဆိုင်းဘုတ်များ အကြိမ်ကြိမ်ဖျက်စီးခံရမှုနှင့်ပတ်သက်ပြီး DMG မှ တောင်ကုတ်မြို့မရဲစခန်းမှူး ဒုရဲမှူးလှတင့်ကို ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာနယ်မြေရဲစခန်း တို့တွင် အမှုဖွင့်ထားခြင်းဖြစ်သည့်အတွက် နယ်မြေရဲစခန်းများကိုသာ ဆက်သွယ်မေးမြန်ရမည်ဖြစ်ကြောင်း ဆိုသည်။

တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း၌ မအီမြို့တွင် ၁ ခု၊ ချောင်းသုံးခွ ကျေးရွာမှာ ၁ ခု၊ နတ်ကန်တွင် ၁ ခုနှင့် ရွာမကျေးရွာမှာ ၁ ခု စသည့်ဖြင့် NLD အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံခဲ့ရသည်။

အလားတူ မြေပုံမြို့နယ်တွင်လည်း စက်တင်ဘာ ၁၈ ရက်နေ့က တရုတ်တန်းရပ်ကွက် မြို့မဈေးကြီးအနီးရှိ ဆိုင်းဘုတ်တစ်ခုနှင့် နတ်ချောင်းကျေးရွာမှ ဆိုင်းဘုတ်တစ်ခုတို့ ဖျက်ဆီးခံရခြင်းဖြစ်သည်။

ထို့ပြင် မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာ၌ စိုက်ထူထားသော NLD အောင်နိုင်ရေးဆိုင်းဘုတ် ၁ ခုမှာ စက်တင်ဘာ ၂၃ ရက်နေ့က ဖျက်ဆီးခံခဲ့ရသည်။
သံတွဲခရိုင်အတွင်းက အခြားသောနိုင်ငံရေးပါတီများကို ထောက်ခံလိုလားသူများကလည်း မိမိတို့ထောက်ခံ သည့် ပါတီဆိုင်းဘုတ်များ ဖျက်ဆီးမခံရရန် ဆိုင်ဘုတ်များအနီးတွင် ကင်းစောင့်ရမည့်အခြေအနေ ဖြစ်နေကြောင်း ဆိုကြသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

ဗီဒီယိုများ