မောင်တောမြို့နယ် ရွှေစားအုပ်စုတွင် လျှပ်စစ်မီတာတစ်လုံးလျှင် ငွေကျပ် ၂ သိန်းကျော် ပေးဆောင်နေရ ကြောင်းပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရွှေစားကျေးရွာအုပ်စုတွင် မြို့ပြသုံး လျှပ်စစ်မီတာတစ်လုံးကို ငွေကျပ် ၂ သိန်းကျော် ကောက်ခံနေသည့်အတွက် နေအိမ်များတွင် လျှပ်စစ်မီးရရှိရန်ခက်ခဲနေကြောင်း ကျေးရွာသားများက ပြောဆိုသည်။

By ကျော်မျိုးအောင် 05 Dec 2020

ကျော်မျိုးအောင် | DMG
နိုဝင်ဘာ ၁၂ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရွှေစားကျေးရွာအုပ်စုတွင် မြို့ပြသုံး လျှပ်စစ်မီတာတစ်လုံးကို ငွေကျပ် ၂ သိန်းကျော် ကောက်ခံနေသည့်အတွက် နေအိမ်များတွင် လျှပ်စစ်မီးရရှိရန်ခက်ခဲနေကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ယင်းသို့ မီတာဈေးကို မြင့်မားစွာတောင်းခံနေခြင်းနှင့် မီတာတပ်ဆင်ကြေးများ မြင့်မားနေမှုကြောင့် လျှပ်စစ်မီးတိုင်နှင့်အနီးတွင် နေထိုင်သော်လည်း လျှပ်စစ်မီးတပ်ဆင်ရန် အခက်အခဲရှိသည်ဟု ရွှေစားကျေးရွာအုပ်စု၊ ဂုံးနားကျေးရွာမှ ဒေါ်ဘီဘီဂျာက ဆိုသည်။

“ငွေမရှိလို့ မီတာမယူနိုင်ပါ။ မီးတိုင်လည်း အနီးလေးပါ။ အားလုံးကုန်ကျမှာက သုံးသိန်းကျော်ကုန်ကျမယ်လို့ သိရ ပါတယ်။ မီတာတစ်လုံးကို ငွေ ၂ သိန်း ၁ သောင်းတောင်းတယ်။ လုပ်ခ၊ ပစ္စည်းခနဲ့ဆို ၃ သိန်းကျော်လောက် ကုန်မှာပါ” ဟု ၎င်းကပြောသည်။

ရွှေစားကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၃ ရွာရှိပြီး လက်ရှိတွင် ရွှေစားကျေးရွာနှင့် ဂုံးနားကျေးရွာတို့တွင် လျှပ်စစ်မီးများ သွယ်တန်းပေးထားသည်။

ရွှေစားကျေးရွာတွင် နေအိမ်၌ လျှပ်စစ်မီတာတပ်ဆင်ထားသည့် ဦးမီဟာမတ်က “ကျေးရွာတာဝန်ခံက မီတာ တစ်လုံးကို ၂ သိန်းတောင်းပါတယ်။ လျှောက်လွှာအတွက် ၁ သောင်းပေးရပါတယ်။ တပ်ဆင်ခက ၄၅၀၀၀  ယူပါတယ်။ ခလုပ်တစ်ခုကို ၅၀၀၀ ယူပါတယ်။ မီးတစ်လုံးကို ၅၀၀၀ ယူပါတယ်။ မီတာတပ်ဆင်ထားတာ တစ်ပတ်ရှိပါပြီ လျှပ်စစ်မီးမရသေးပါဘူး။ ပင်မကြိုးကို သူတို့ဆီက ဝယ်ရပါတယ်။ တစ်ကိုက်ကို ၁၆၀၀ ပေးရ ပါတယ်” ဟု ဆိုသည်။

လက်ရှိ ရွှေစားကျေးရွာတွင် လျှပ်စစ်မီတာအလုံး ၁၀၀ ကျော်တပ်ဆင်ထားပြီး လာမည့် ဒီဇင်ဘာလ ၁၀ ရက် နေ့တွင် လျှပ်စစ်မီးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်ကာ လျှပ်စစ်မီး စတင်လွှတ်ပေးသွားမည် ဖြစ်ကြောင်း မောင်တောခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ရွှေစားအုပ်စုအတွင်းတွင် လျှပ်စစ်မီတာအလုံးရေ ၂၀၀ ကျော်ကို ချပေးသွားမည်ဖြစ်ကြောင်းလည်း မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က ဆိုသည်။

ယခုချပေးထားသည့်လျှပ်စစ်မီတာများအတွက် ငွေကျပ် ၂ သိန်းကျော်အထိ ပေးဆောင်နေရသည့်အပေါ် ဦးဟိန်းမိုးထက်က “ကျွန်တော်တို့ဌာနမှာတော လျှပ်စစ်မီတာတွေကို သတ်မှတ်နှုန်းထားအတိုင်းဘဲ ငွေသွင်း ရတာပါ။ သတ်မှတ်ထားပြီးသားပါ။ ၇၅၀၀၀ ခွဲတန်ဆိုရင် ၇၅၀၀၀ တန်၊ ကိုးသောင်းတန်ဆိုရင် ကိုးသောင်းတန် သတ်မှတ်ကြေး အတိုင်းဘဲငွေသွင်းရမှာပါ။ သူတို့ကျေးရွာမှာ တစ်ချို့လုပ်စားနေတာတွေ ရှိကောင်းလဲရှိမှာပေါ့။ ကျွန်တော်တို့ဌာနကို ငွေသွင်းရင် မီတာတပ်ဆင်ပေးပါမယ်။ အိမ်တွင်းဝါယာရိန်းတပ်ဆင်ခကို အိမ်ရှင်က ကျခံရမှာပါ။ တပ်ဆင်တဲ့အခါမှာလဲ လျှပ်စစ်ကျွမ်းကျင်လက်မှတ်ရတဲ့ ဝန်ထမ်းတွေဘဲ တပ်ဆင်ပေးရမှာဖြစ်တယ်” ဟု ဆိုသည်။

လက်ရှိ ရွှေစားကျေးရွာအုပ်စုတွင် လျှပ်စစ်မီတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့မှ ပူးပေါင်းပြီး ဈေးမြင့်မားစွာတောင်းခံနေကြောင်း ကျေးရွာသားများမှ စွပ်စွဲပြောဆိုကြသည်။

ယင်းသို့ပြောဆိုမှုနှင့်ပတ်သက်ပြီး ရွှေစားကျေးရွာအုပ်စုတာဝန်ခံ ဦးမော်နိရ်အာမတ်က“မီတာလျှောက်တာက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လျှောက်ရတာပါ။ ဘယ်သူဆီက အပိုယူထားတယ်ဆိုတာစီစစ်ပြီး ပြန်ပေး သွားပါမယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ၂၀၂၀ အောက်တိုဘာလ အထိ လျှပ်စစ်မီတာအလုံးရေ ၅၂၀၀ ကျော်ကို တပ်ဆင်ပေးထားပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးလျက် ရှိကြောင်း ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၏ စာရင်းအရသိရသည်။

လက်ရှိ အစိုးရသက်တမ်းကုန်ခါနီးသို့ရောက်ရှိလာသော်လည်း ရခိုင်ပြည်နယ်အတွင်းမှ ကျေးရွာပေါင်း ၃၇၀၀ ကျော်ရှိသည့်အနက် ၂၄ နာရီ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာပေါင်း ၁၆၀၀ ကျော်ကျန်ရှိနေကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ စာရင်းများအရ သိရသည်။

ဗီဒီယိုများ