အကြမ်းဖက်ဥပဒေနှင့်တရားစွဲခံထားရသည့် တောင်ကုတ်မြို့မှ ဦးပြုံးချိုပါ ၅ ဦးကို တပ်မတော်က ရဲစခန်းတွင် လာရောက်စစ်ဆေးခဲ့

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားရင်ဆိုင်နေရ သူ ၅ ဦးအား ဇွန်လ ၄ ရက်နေ့တွင် အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က အရာရှိအချို့ ရဲစခန်းသို့ လာရောက်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံရသူများက ဆိုကြသည်။

By မျိုးမြင့်ဇော် 06 Jun 2020

မျိုးမြင့်ဇော် | DMG
ဇွန် ၆ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားရင်ဆိုင်နေရ သူ ၅ ဦးအား ဇွန်လ ၄ ရက်နေ့တွင် အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က အရာရှိအချို့ ရဲစခန်းသို့ လာရောက်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံရသူများက ဆိုကြသည်။

တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာ၏ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးပြုံးချိုအပါအဝင် ၅ ဦးကို ယမန်နေ့ (ဇွန်လ ၅ ရက်)က တောင်ကုတ်မြို့တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရုံးမထုတ်မီ တစ်ရက်အလိုတွင် တပ်မတော်အရာရှိအချို့မှ ယင်းသို့လာရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးခံရ သူများထံမှ သိရသည်။

“မနေ့က သူတို့ကလာပြီးမေးသွားတယ်။ အကြမ်းဖက်တွေနဲ့ ဆက်စပ်လားလို့ လာမေးသွားတယ်။ ကျနော်တို့ ကလည်း မဆက်စပ်ဘူးလို့ ပြန်ဖြေလိုက်ပါတယ်”ဟု ဦးပြုံးချိုကဆိုသည်။

၎င်းတို့ ၅ ဦးအား တရားစွဲဆိုထားပြီးဖြစ်သဖြင့် ယင်းကဲ့သို့စစ်ဆေးရန် အကြောင်းမရှိတော့ကြောင်း စွပ်စွဲခံရ သူများဘက်မှ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ဆိုသည်။

“သူတို့ကို အကြမ်းဖက်မှုနဲ့ စွဲပြီးတဲ့နောက်မှာ ထပ်ပြီးတော့ စစ်စရာလည်း အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ကို အကြမ်းမှုနဲ့ ရက်ပေါင်းသုံးဆယ်လောက် စစ်ဆေးပြီးခါမှ တရားရုံးကို စွဲတင်ထားတာဖြစ်တယ်။ တရား စွဲတင်ပြီးတဲ့အမှု ဖြစ်တဲ့အတွက် နောက်ထပ်စစ်ဆေးစရာ မရှိတော့ပါဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ ၅ ဦးကို ပထမအကြိမ် ရုံးထုတ်ခဲ့စဉ်က တရားလိုလာရောက်ခဲ့ခြင်း မရှိသည့်အတွက် ဇွန်လ ၅ ရက်နေ့က ဒုတိယအကြိမ်ရုံးထုတ်တွင် တရားလိုနှင့် လိုပြသက်သေဖြစ်သည့် ဆားပြင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို တရားရုံးမှ ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုကဆိုသည်။

ယင်းသို့ တရားလိုနှင့် လိုပြသက်သေတို့ လာရောက်ခဲ့ခြင်းမရှိသည့်အတွက် မြို့ပေါ်ရှိ လိုပြသက်သေတစ်ဦး ဖြစ်သည့် တောင်ကုတ်မြို့ ကံပိုင်ရက်ကွက်က ရာအိမ်မှူးအား ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဆားပြင်ကျေးရွာ၏ ANP ဥက္ကဌ ဦးပြုံးချိုပါ ၅ ဦးကို ဧပြီ ၅ ရက်နေ့တွင် တပ်မတော်က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုများ