စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထားသည့် ကျောင်းသားများကို သုံးလကျော်ကြာအထိ စစ်ဆေးခြင်း မရှိသေးကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို အစိုးရအနေဖြင့် သုံးလကျော် ကြာသည့်တိုင်အောင် စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများက ပြောသည်။

By ဉာဏ်ဟိန်း 18 Jan 2021

ဉာဏ်ဟိန်း | DMG
ဇန်နဝါရီ ၁၈ ၊ စစ်တွေ

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို အစိုးရအနေဖြင့် သုံးလကျော် ကြာသည့်တိုင်အောင် စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများက ပြောသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို ၎င်းတို့၏ သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခွင့်များ ကိုလည်း အကျဉ်းထောင်များမှ ကိုဗစ်ရောဂါကို အကြောင်းပြပြီး ပိတ်ပင်ထားကြောင်း ယနေ့ဇန်နဝါရီ ၁၈ ရက် နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောကြားသည်။

“ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ၅၀၅(က) (ခ) စတဲ့ မတရားပုဒ်မတွေတပ်ပြီး အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ထားပြီးတော့ သုံးလကျော်ကြာအောင် စစ်ဆေးတာမရှိဘဲ ချုပ်နှောင်ထားတယ်။ အကျဉ်းထောင်တွေအနေနဲ့လည်း ကိုဗစ်(ကပ်ရောဂါ)ကိုအကြောင်းပြပြီး ဖမ်းဆီးခံကျောင်းသားတွေကို သက်ဆိုင်တဲ့ မိခင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ခွင့်မပေးတဲ့အပြင် သွယ်ဝိုက်တဲ့နည်းနဲ့ ဆက်သွယ်ခွင့်တွေကို ပိတ်ပင်ထားတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက်နေ့က ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ လက်ကမ်းစာစောင်များ ဖြန့်ဝေသည့် လှုပ်ရှားမှုကို စစ်တွေမြို့တွင် ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲအတွင်း ပညာရေးဝန်ထမ်းများ သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများဖက်မှ ရပ်တည်ပြောဆိုခြင်းမရှိခြင်း၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ မြေပြင်အခြေအနေကို လာရောက်စစ်ဆေးခြင်းမရှိဘဲ တပ်မတော်၏ ပြောကြားချက်ကိုသာ ပြုမှုဆောင်ရွက်နေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရက္ခိိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဆိုသည်။

ယင်းအထဲတွင် တပ်မတော်မှ ဖမ်းဆီးထားသည့် တင်းမကျေးရွာသားများမှာ ၁၀ လကျော်ကြာ ပျောက်ဆုံး နေခြင်းနှင့်ပတ်သက်ပြီးတော့လည်း လက်ရှိအချိန်ထိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မြေပြင်သို့ လာရောက်ကွင်းဆင်း စစ်ဆေးခြင်းများ မရှိသေးကြောင်း ကိုတိုးတိုးအောင်က ပြောသည်။

“တင်းမကျေးရွာသားတွေကို တပ်မတော်တပ်မ(၅၅)က ဖမ်းဆီးသွားတယ်လို့ မိသားစုတွေရဲ့ ပြောကြားချက် အရသိရတယ်။ သူတို့က ပျောက်သွားတာက (၁၀)လကျော်ရှိပြီ။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဒီနေ့အထိ မြေပြင်အခြေအနေကို လာရောက်ကွင်းဆင်းပြီး စစ်ဆေးတာတွေ မရှိဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသခံအချို့ လူ့အခွင့်အရေးချိုးဖောက်ခံရကြောင်း တိုင်တန်းမှုများကို ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်မှုများရှိနေသဖြင့် ကွင်းဆင်းစစ်ဆေးမှုများ မပြုလုပ်နိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က DMG သို့ ဖြေဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုသည် တင်းမကြီး ကျေးရွာနှင့် တင်းမသစ်ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ရွာသား(၅၀)ကျော်အား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များနှင့်ဒေသခံများက ပြောသည်။ ယင်းထဲမှ ရွာသားအချို့အားစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရွာသား ၁၈ ဦးတို့မှာ ပြန်လွတ်မလာခဲ့ဘဲ ယနေ့အထိ သတင်းအစအန ပျောက်ဆုံးနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်တချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်း ပိတ်ပင်ထားမှုနှင့်ပတ်သက်ပြီး ပြန်ဖွင့်ပေးရန်တောင်းဆိုသူများကို အစိုးရမှအမှုဖွင့်အရေးယူ ဆောင်ရွက်ခြင်း များသာရှိကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းကပြောသည်။

“ရခိုင်ပြည်နယ်အတွင်းမှာ သတင်းအမှောင်ချထားတာနဲ့ပတ်သက်လို့ ကျနော်တို့ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက အင်တာနက်ပြန်ဖွင့်ပေးဖို့အတွက် လူထုလှုပ်ရှားမှုတွေ အများကြီးလုပ်ခဲ့တယ်။ အဲဒီလိုလှုပ်ရှားတဲ့သူတွေကို မြန်မာအစိုးရကနေပြီးတော့ ငြိမ်း၊စု၊စီ ပုဒ်မတွေနဲ့ အမှုဖွင့်တာတွေရှိတယ်။ အခုလည်းရှိနေဆဲပါ” ဟု သူကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေက အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။

ယင်းနောက် ၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့တွင် ကျန်မြို့နယ်များကို မြန်နှုန်းနည်း 2G အင်တာနက်လိုင်းသာ ပြန်ဖွင့်ပေးခဲ့သည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တို့တွင် အင်တာနက်လိုင်း အပြည့်အဝပြန်ဖွင့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများက တောင်းဆိုခဲ့ကြသော်လည်း ထူးခြားမှုမရှိဘဲ တစ်နှစ်ကျော်ရှိလာခဲ့ပြီဖြစ်သည်။

လက်ရှိဖွင့်ပေးထားသည့် 2G အင်တာနက်ဖြင့် အီးမဲလ်(Email)၊ ဝက်ဘ်ဆိုဒ်(Webiste)များ သုံးစွဲမှု အခက်အခဲရှိပြီး လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် အင်တာနက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းမှာ နဂိုမူလ အင်တာနက်ဖြတ်တောက်ခဲ့သည့် အခြေအနေနှင့် ထူးမခြားနားကြောင်း အရပ်ဖက်အဖွဲ့စည်းများက ပြောဆို ကြသည်။

ယင်းအပြင် COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် လက်လှမ်းဝေးနေခြင်း စသည့် ဆိုးဝါး လှသော အခြေအနေများကို ဒေသခံများ ခံစားနေကြရကြောင်းလည်း ဆိုကြသည်။

ဗီဒီယိုများ